ရေဦးမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၁ ဦး သေဆုံး

ပုံအညွှန်း- စစ်ကောင်စီ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ပျက်စီးသွားသည့် အိမ်နှင့် သေဆုံးသူ၏ နာရေး

ပုံအညွှန်း- စစ်ကောင်စီ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ပျက်စီးသွားသည့် အိမ်နှင့် သေဆုံးသူ၏ နာရေး

လွှမ်းမိုး

(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း ၊ ရေဦးမြို့ မြောက်ဘက်ခြမ်းရှိ ဖိန်းကားကျေးရွာ အနီး စူပါဖိုက်ဆန်စက်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဆန်စက်အလုပ်သမားတဦးသေဆုံးခဲ့ကြောင်း ဒေသခံ များထံမှ သိရသည်။

ဇွန်လ ၁၇ ရက် ညပိုင်း ၉ နာရီအချိန်တွင် ရေဦးမြို့ တိုင်းရင်းဆေးရုံမှ ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်လိုက်ခြင်း ဖြစ်ပြီးထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။

“ ညပ်ိုင်းအလုပ်ပြီးလို့ သားဖ နှစ်ယောက် ထမင်းစားနေချိန် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာပါ။ စစ်မက် ဖြစ်ပွါးခြင်း မရှိဘဲ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့တာ ဖြစ်တယ်” ဟု ရေဦးအခြေစိုက် People’s Defense Comrade အဖွဲ့ တာဝန်ရှိသူ က မဇ္စျိမကို ပြောသည်။

အဆိုပါ ဖြစ်စဉ်အတွင်း ကုန်းတန်းကျေးရွာမှ ဆန်စက်တွင် အလုပ်လုပ်နေသည့် ကိုဝင်းဇော်မိုး(အသက် ၄၀) သည် ဆီးခုံတွင် လက်နက်ကြီးအစ ထိမှန်သေဆုံးခဲ့ပြီး ၊ ၎င်း ၏ သမီးဖြစ်သူ ခါးတွင် လက်နက်ကြီးအစ ထိမှန်ကာ ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများထံက သိရသည်။

ရေဦးမြို့ပေါ်တွင် စစ်ကောင်စီတပ်က ခန့်မှန်းစစ်အင်အား ၃၀၀ ခန့်ဖြင့် တိုင်းရင်းဆေးရုံ နှင့် အ.ထ.က (၁) တို့တွင် တပ်စွဲနေပြီး ၊ လက်ရှိအချိန်တွင် စစ်ကြောင်းထိုးခြင်း မရှိဘဲ ညပိုင်းအချိန်တွင် လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုများ ညစဉ် ပြုလုပ်နေကြာင်း ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။

မေလ ၃၁ ရက်နေ့တွင်လည်း ရေဦးမြို့နယ် နှောကုန်းကျေးရွာတွင် အိမ်အပြင်ထွက်ထိုင်သည့် အမျိုးသမီးတဦး စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဦးခေါင်း ပွင့်၍ သေဆုံးသေးခဲ့သည်။

စာတည်း။ ။အောင်ကျော်ဖြိုး