မေတ္တာမြို့တွင် စစ်ကောင်စီတပ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

ပုံအညွှန်း-စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုကြောင့် မေတ္တာမြို့မှာ နေအိမ်များ ပျက်စီးနေပုံ။

ပုံအညွှန်း-စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုကြောင့် မေတ္တာမြို့မှာ နေအိမ်များ ပျက်စီးနေပုံ။

ကိုရွှေမြိတ်

(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ၊မေတ္တာမြို့တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်သည်ဟု ဒေသခံထံမှ သိရသည်။

“တိုက်ပွဲ ဖြစ်ပွားတာမျိုးမရှိဘဲ လေယာဉ်နဲ့ လာရောက် ဗုံးကြဲတာရှိနေလို့ ပျက်စီးတာတွေရှိနေသလို လူတွေ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင် နေရတယ်”ဟု ပြည်သူ့ကာကွယ်ရေး PDF ရဲဘော်တဦးက ပြောသည်။

မေတ္တာမြို့တွင် မတ်လ ၄ ရက် နေ့မှစ၍ ၆ ရက်နေ့အထိ မြေပြင်တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လာခြင်းဖြစ်သည်ဟု ဆိုသည်။

မြို့ပေါ်တွင် ဗုံးကြဲပစ်ခတ်ခံရ၍ လူနေအိမ်အချို့မီးလောင်ပျက်စီးမှုရှိပြီး အိမ်အချို့မှာ မီးကူးဆက်လောင်ကျွမ်းမှုများရှိသည့်အပြင် လေကြောင်းပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်နေသည့်အတွက် ဒေသခံများ တိမ်းရှောင်နေရသည်ဟု ဆိုသည်။

“လက်ရှိ စစ်ရှောင်တွေကတော့ အစားသောက်နဲ့ အကူညီတွေ လိုအပ်နေတာမျိုးတော့ ရှိတယ်။ ယာယီ စစ်ရှောင်တွေ များလာနေလို့ ဖြစ်တယ်”ဟုဒေါနတနင်္သာရီ -စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့မှ ကိုယောနသံက ပြောသည်။

ယင်းအပြင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများလည်း ရှိနေသည်ဟု ဆိုသည်။

ထားဝယ်မြို့နယ် အရှေ့တောဒေသဖက်ကို စစ်ကောင်စီက အခုလအတွင်း တိုက်လေယာဥ်၊ ရဟတ်ယာဥ်များဖြင့် ဆယ်ကြိမ်အထိ ဗုံးကြဲ တိုက်ခိုက်မှုရှိသည်ဟု ဒေသခံများ၏ ပြောပြချက်များအရ သိရသည်။

လက်ရှိ နေအိမ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရသူ ၇၀၀၀ ကျော်ရှိကြောင်း ဒေါနတနင်္သာရီ – စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့က ထုတ်ပြန်ထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ