မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ထောင်ဒဏ်တသက် အမိန့်ချခံရ၊ အမြန်ဆုံး ပြန်လွှတ်ပေးရန် မိသားစုတောင်းဆို

ပုံအညွှန်း – ထောင်ဒဏ်တသက်တကျွန်းချမှတ်ခံရသည့် မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ မရှင်ဒေဝီ။/ (ပုံ – shin daewe linked in)

ရောင်နီ

(မဇ္စျိမ)။ ။ နိုင်ငံတကာတွင် ဆုပေါင်းများစွာ ရရှိထားသည့် မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ မရှင်ဒေဝီကို စစ်ကောင်စီက ထောင်ဒဏ်တသက်တကျွန်း အမိန့်ချလိုက်ကြောင်း ၎င်းနှင့် မောင်တော်စပ်သူ ကိုမြင့်သူက မဇ္စျိမကို ပြောသည်။

မရှင်ဒေဝီကို စစ်ကောင်စီ၏ အင်းစိန်ထောင်တွင်း မြောက်ဒဂုံ စစ်ခုံရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ ည၊ ၅၄ ဃ တို့ဖြင့် ယနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် အမိန့်ချမှတ်လိုက်ခြင်းဟု ဆိုသည်။

“ အမကို စွဲတဲ့ပုဒ်မတွေက အကြမ်းဖက်ပုဒ်မတွေနဲ့ပါ။ ထောင်ကတော့ တသက်ချလိုက်ပါတယ်” ဟု ကိုမြင့်သူ ကပြောသည်။

မရှင်ဒေဝီကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ၎င်းအွန်လိုင်းမှ မှာယူထားသည့် ရိုက်ကူးရေးဒရုန်းအား ကားဂိတ်တွင် သွားရောက်ထုတ်ယူစဥ် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်ထံမှ သိရသည်။

ထိုသို့ ဖမ်းဆီးပြီးနောက် စစ်ကြောရေးကာလအပါအဝင် သုံးလကျော်ကြာ စစ်ဆေးခဲ့ပြီး စစ်ခုံရုံးဖြင့် ယနေ့တွင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

“ မရှင်ဒေဝီနဲ့တော့ အခုထိ လူချင်းတွေ့ခွင့်မရသေးပါဘူး။ အမိန့်ချခံရတဲ့ အခြေအနေကတော့ အကျဥ်းထောင်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ ပြန်သိရတာပါ။ ” ဟု မောင်တော်စပ်သူ ကိုမြင့်သူက ပြောသည်။

လက်ရှိအချိန်တွင် မရှင်ဒေဝီ၏ ကျန်းမာရေးအခြေအနေကောင်းမွန်နေသည်ကို ကြားသိရကြောင်း ၎င်းက ဆိုသည်။

“ မရှင်ဒေဝီက သူ့အမျိုးသားကိုလည်း ကျန်းမာရေးဂရုစိုက်ဖို့ မှာထားပါတယ်။ နှစ်ယောက်လုံးက အသက် ၅၀ တန်းတွေ ဖြစ်နေပြီလေ” ဟု ဆက်ပြောသည်။

အရည်အသွေးရှိသည့် အမျိုးသမီးမှတ်တမ်းရုပ်ရှင်ရိုက်ကူးသူဖြစ်ပြီး ပရဟိတစိတ်ရှိသူကို ယခုကဲ့သို့ စစ်ကောင်စီက ပြင်းထန်သည့် အမိန့်ချမှတ်သည့်အပေါ် နားမလည်နိုင်ကြောင်း မရှင်ဒေဝီ၏ မောင်ဖြစ်သူ ကိုမြင့်သူက ဆိုသည်။

“ သူ့အလုပ်တွေ ပုံမှန်အတိုင်းလုပ်တာကိုပဲ ကျွန်တော်တို့ မိသားစုတွေက မြင်ချင်တာပါ။ ကျွန်တော်တို့ အမ အိမ်ပြန်လာမယ့် အချိန်ကို မျှော်နေတယ်။ အမြန်ဆုံး ပြန်လွတ်ပေးဖို့ တောင်းဆိုချင်တယ်။” ဟု ကိုမြင့်သူက ပြောသည်။

စစ်ကောင်စီက ထောင်ဒဏ်တသက်ချမှတ်ခဲ့သည့် မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ မရှင်ဒေဝီသည် ၎င်းရိုက်ကူးထားသည့် ရုပ်ရှင်များဖြင့် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များတွင် မှတ်တမ်းရုပ်ရှင်ဆုများစွာ ရရှိထားသူ ဖြစ်သည်။

စာတည်း – သန့်ဇော်(သန်လျင်)