ချင်းပြည်နယ်တောင်ပိုင်းတွင် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးသူ ၁၂ ဦးအထိ ရှိလာ

ပုံအညွှန်း။ ။ ပလက်ဝမြို့နယ်၊ သံထောင်ရွာအားတွေ့ရစဥ်။ ဓာတ်ပုံ။ ။ CJ

ပုံအညွှန်း။ ။ ပလက်ဝမြို့နယ်၊ သံထောင်ရွာအားတွေ့ရစဥ်။ ဓာတ်ပုံ။ ။ CJ

ကိုခင်မောင်

(မဇ္စျိမ)။ ။ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်နှင့် ပလက်ဝမြို့နယ်တို့တွင်ဖြစ်ပွားနေသည့် ဝမ်းပျက်ဝမ်း လျှောရောဂါကြောင့် သေဆုံးသူ ၁၂ ဦးအထိရှိလာပြီး ဆေးဝါးအကူအညီများလိုအပ်လျက်ရှိကြောင်း သိရ သည်။

မေလကုန်ပိုင်းမှစကာ ပလက်ဝမြို့နယ်၊ ဒိုင်ရ်ဒေသတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေခြင်းဖြစ်ပြီး ဆေးဝါးပြတ်လပ်မှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဒိုင်ရ်ဒေသန္တရကောင်စီမှ ဆလိုင်းအောင်မင်းက မဇ္စျိမကို ပြောသည်။

“ဖြစ်တာကတော့ မေလ ၂၆ ဝန်းကျင်ကနေစဖြစ်တယ်၊ အခုထိ လူနာပေါင်း ၂၀၀ ကျော်ပြီ။ ဆေးဝါး လုံလောက်မှုမရှိလို့ ဒုက္ခရောက်နေကြတယ်။ ဆေးဝါးရရှိဖို့ ချင်းပြည်မှာရှိတဲ့ ကျန်းမာရေးအဖွဲ့စည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်မှုတွေ လုပ်နေကြပါတယ်”ဟု ဆလိုင်းအောင်မင်းက ပြောသည်။

ကူးစက်မြန် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ပလက်ဝမြို့နယ်တွင် အမျိုးသမီးခြောက်ဦး၊ အမျိုးသား လေးဦးနှင့် မင်းတပ်မြို့နယ်တွင် အမျိုးသားနှစ်ဦးသေဆုံးခဲ့ပြီး အသက်အရွယ်အားဖြင့် ၃၅ နှစ်မှ ၅၀ နှစ် ဝန်းကျင်အရွယ်များဖြစ်ကြောင်း ၎င်းကဆိုသည်။

လက်ရှိတွင် ပလက်ဝမြို့နယ်၌ သေဆုံးသူတိုးလာသကဲ့သို့ ရောဂါဖြစ်ပွားနှုန်းပိုများလာပြီး ဆေးဝါးများ ပြတ်လပ်ကာ အကူအညီလိုအပ်လျက်ရှိကြောင်း သိရသည်။

ပလက်ဝမြို့နယ် ဒိုင်ရ်ဒေသအတွင်းရှိ ထိန်းကောင်း၊ လုံးတူ၊ ဘွေဒိုး၊ တွီစပ်၊ လှုပ်၊ အောက်ချိုင်းစ၊ ဒိုက် ချောင်း၊ အောက်သံထောင်၊ ဝက်ချောင်းနှင့် မင်းတပ်မြို့နယ် အောက်ချိုင်ကျေးရွာများတွင် ရောဂါအဖြစ် များနေကြောင်း ဆလိုင်းအောင်မင်းထံမှ သိရသည်။

“ရောဂါကွယ်ရေးအတွက် အသွားလာကြပ်မတ်တာတွေ လုပ်ထားတယ်။ ကျန်းမာရေး အသိပညာပေးတာ တွေ လုပ်နေတယ်။ ဆေးဝါး လုံလုံလောက်လောက်ရရှိနိုင်ရေးအတွက်လည်း သက်ဆိုင်ရာ ကျန်းမာရေး အဖွဲ့စည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေပါတယ်” ဟု ဒိုင်ရ်ဒေသန္တရကောင်စီမှ ဆလိုင်းအောင်မင်းက ပြောသည်။

ကူးစက်နှုန်းမြန်သော ဝမ်းပျက်ဝမ်းလျှောရောဂါတမျိုးသည် မင်းတပ်မြို့နယ်၊ အောက်ချိုင်ကျေးရွာတွင် ဇွန်လ ၁၅ ရက်ခန့်က စတင်သတိထားလာခဲ့မိ၍ ရွာကိုအဝင်အထွက်ပိတ်ဆို့ပြီး ကာကွယ်ခဲ့သောကြောင့် ရောဂါကူးစက်မှုမရှိတော့ကြောင်း မင်းတပ်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ ကျန်းမာရေးဌာနတာဝန်ခံက မဇ္စျိမ ကို ပြောသည်။

အဆိုပါရောဂါသည် ကူးစက်မှုများနိုင်သည့် ရောဂါအမျိုးအစားဖြစ်ပြီး ရေ၊ အစားအသောက်နှင့် မစင် တို့မှတဆင့် ကူးစက်တတ်ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

ယင်းဝမ်းရောဂါကူးစက်ပါက ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း၊ အော့အန်ခြင်းများဖြစ်ပွားကာ ရေဓာတ်အလွန် အမင်းဆုံးရှုံးပြီး အသက်သေဆုံးသည်အထိဖြစ်နိုင်သောကြောင့် အန္တရာယ်များသည့် ရောဂါဖြစ်ကြောင်း ကျန်းမာရေးဌာနတာဝန်ခံက ဆက်ပြောသည်။

ဝမ်းရောဂါ ကာကွယ်နိုင်ရေးအတွက် ယင်လုံအိမ်သာများ သုံးစွဲကြရန်၊ မစင်ကိုစနစ်တကျစွန့်ပစ်ရန်၊ ရေ ကိုကျိုချက်သောက်သုံးပြီး ယင်နားစာမစားရန်နှင့် လက်ကိုဆပ်ပြာဖြင့် မကြာခဏ ဆေးကြောရန်လိုအပ် ကြောင်းလည်း သတိပေးပြောကြားသည်။

စာတည်း။ ။စောဖေ