ဆုတောင်းမေတ္တာပို့သံများ ဝေဆာနေမည့် လူထုခေါင်းဆောင် မွေးနေ့

ပုံအညွှန်း- ချက်သမ္မတ နိုင်ငံတွင် ကျင်းပသည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲ

၀၀၁ ရေးသားသည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်မြောက် မွေးနေ့သည် ယနေ့ (ဇွန်လ ၁၉ ရက်) တွင် ကျရောက်ပြီဖြစ်သည်။ သို့သော် မွေးနေ့ရှင်သည် သူ၏ နံဘေးတွင် NLD အစိုးရအဖွဲ့ဝင်များ၊ ပါတီဝင်များ နှင့် ၎င်းကိုချစ်ခင်သူများ စည်စည်ကားကား ဝိုင်းရံလျက် မွေးနေ့ကိတ်များ ဝေဝေဆာဆာဖြင့် ဖြတ်သန်းရမည် မဟုတ်ပေ။

ပြင်ပနှင့် အဆက်အသွယ်ပြတ်တောက်ခံထားရသည့် မွေးနေ့ရှင်သည် စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားသည့် နေရာတွင် ဖြတ်သန်းရမည်ဖြစ်သည်။ သို့သော် မွေးနေ့ရှင် မပါဝင်သည့် မွေးနေ့အကြိုပွဲများ၊ မွေးနေ့ပွဲများကိုမူ ပြည်တွင်း၌ သာမက ပြည်ပနိုင်ငံအချို့တွင်ပါ ကျင်းပကာ မွေးနေ့ရှင် ကျန်းမာပါစေကြောင်းနှင့် ဖမ်းဆီးထိန်းသိမ်းခံထားရရာမှ လွှတ်မြောက်ပါစေကြောင်း ဆုတောင်းမေတ္တာပို့ကြသူများက ထုနှင့်ထေးပင်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က မဲစာရင်းအကြောင်းပြ အာဏာသိမ်းပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် စစ်ကောင်စီ၏ ဖမ်းဆီးအကျဉ်းချထားမှုအောက်တွင် မွေးနေ့များကို ဖြတ်သန်းနေရသည်မှာ လက်ရှိ လေးကြိမ်မြောက်ရှိလာပြီဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့သည် ယခုနှစ်တွင် ဗုဒ္ဓဟူးနေ့၌ ကျရောက်သော်လည်း အပတ်စဉ် ထောင်ဝင်စာပစ္စည်းပို့ခွင့်ရသည့်နေ့သည် တနင်္လာနေ့ဖြစ်သည့်အတွက် သူ့အတွက် မွေးနေ့ကိတ်ကိုလည်း ထောင်ဝင်စာပုံမှန်ပို့နေကျအဖွဲ့က နှစ်ရက်ကြိုတင် ပေးပို့ထားရကြောင်း သိရသည်။

စစ်ကောင်စီအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအရ ထုတ်အသုံးချရန် ဖမ်ဆီးထားခြင်းဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ပြတ်သားသည့်ရပ်တည်ချက်ကြောင့် ထိုသို့ မဆောင်ရွက်နိုင်၍ သူ့အပေါ် ပိုမိုဖိနှိပ်ထားကာ ပြည်သူလူထုနှင့်ပါ အဆက်အသွယ်ဖြတ်တောက်ထားကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

“စစ်ကောင်စီကတော့ တလျှောက်လုံး ဒီကတ်ပြားကို ထုတ်သုံးဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းထားတာ။ ဒါပေမဲ့ အခုသုံးနှစ်ကြာတဲ့အထိ ဘယ်အဆင့်မှာမှ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပြီးတော့ မသုံးစွဲရဲတဲ့အပြင် ပိုပိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိနှိပ်ထားတယ်” ဟုဆိုသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်း ၁၉ မှုဖြင့် စွပ်စွဲခဲ့ပြီး စုစုပေါင်း ထောင်ဒဏ် ၃၅ နှစ်ချမှတ်ခဲ့ကာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် တကြိမ်၊ ၂၀၂၃ ခုနှစ် ဩဂုတ်လတွင်တကြိမ် ပြစ်ဒဏ်လျှော့ပေါ့ခြင်း၊ လွတ်ငြိမ်းခွင့်ပြုခြင်း တို့ပြုလုပ်ခဲ့ကာ လက်ရှိတွင် ထောင်ဒဏ် ၂၇ နှစ် ဆက်လက်ချမှတ်ထားသည်။

စစ်ကောင်စီ၏ ဖမ်းဆီးမှုခံထားရစဉ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်အတွင်း လျှို့ဝှက်ထိန်းသိမ်းထားသည့် နေရာမှ ၂၀၂၂ ခုနှစ် ဇွန်လထဲတွင် နေပြည်တော်အချုပ်ထောင်ရှိ သီးသန့်အဆောက်အဦးငယ်တခုကို တဦးတည်း ပြောင်းရွှေ့ခဲ့သည်။ အဆိုပါ အချုပ်ထောင်၌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရာသီဥတုဒဏ် နှင့် ပိုးမွှားအန္တရာယ်များကို ကြုံတွေ့ခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်သည့် ၂၀၂၁ ခုနှစ်တွင် ကျရောက်သည့် မွေးနေ့ကို အချုပ်ထောင်မပြောင်းရွေ့ရခင်က အတူနေထိုင်ခဲ့သူများနှင့် ဖြတ်သန်းခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ကျရောက်သည့် မွေးနေ့ကိုမူ တရက်နောက်ကျ၍ တရားခွင်၌ ရှေ့နေများနှင့် မွေးနေ့ပွဲငယ်ပြုလုပ်ကာ ဖြတ်သန်းခဲ့ကြောင်း သိရသည်။ ထို့နောက် ၂၀၂၃ ခုနှစ်ကစတင်ပြီး ၎င်းတို့အားလုံးနှင့် တွေ့ဆုံခွင့် အဆက်အသွယ်ဖြတ်တောက်ခံထားရသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်‌ကို နေပြည်တော်အချုပ်ထောင်မှသည် နေရာပြောင်းရွှေ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း တရားရုံးနှင့် နီးစပ်သူအချို့က ‌ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နေပြည်တော်အချုပ်ထောင်မှာပင် ရှိနေဆဲဖြစ်ကြောင်း မဇ္စျိမကို ဖြေဆိုထားသည်။

စစ်ကောင်စီကမူ ဒေါ်အောင်ဆန်းစုကြည်အား မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်း တိတိကျကျ ထုတ်ပြန်ပြောဆိုထားခြင်း မရှိပေ။

လက်ရှိတွင် ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်ပြီး “ဘာမှတော့ ထူးထူးခြားခြားတော့ မကြားဘူး” ဟု တရားရုံးနှင့် နီးစပ်သူတဦးက ပြောသည်။

သံမဏိနှင်းဆီအတွက် ပန်းသပိတ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် NLD အစိုးရလက်ထက်က ပြည်တွင်း၊ ပြည်ပခရီးစဉ်များ၊ ပွဲအခမ်းအနားများတွင် သူ့၏ ဆံကေသာထက်၌ ပန်းများကို အမြဲအမြတ်တနိုး ပန်ဆင်လေ့ရှိသည်ကို တွေ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပန်းချစ်တတ်သူတဦးဖြစ်ပြီး သူအနှစ်သက်ဆုံးပန်းမှာ စံပယ်ပန်းနှင့် မြတ်လေးပန်းဖြစ်ကြောင်း ယခင်စစ်အစိုးရလက်ထက်က ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နေအိမ်အကျယ်ချုပ်ဖြတ်သန်းဖူးသူ ဒေါ်ခင်ခင်ဝင်း၏ ရေဆန်လမ်းမှ အိမ်အပြန်စာအုပ်တွင် ဖွင့်ဟရေးသားထားသည်။

ပန်းများကို စွဲစွဲမြဲမြဲ ပန်ဆင်လေ့ရှိသည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ်မှသည် လက်ရှိ ၂၀၂၄ ခုနှစ်အတွင်း ကျရောက်ခဲ့သည့် မွေးနေ့များတွင် တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများက ပန်းသပိတ်ကို ဆင်နွှဲလေ့ရှိသည်။

ယခုနှစ်တွင်လည်း “ငုံ့မခံဘဲ တုံ့ပြန်မယ့် သံမဏိနှင်းဆီတွေ” ဆောင်ပုဒ်ဖြင့် ပြုလုပ်မည်ဖြစ်ကြောင်း အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု GSCB က ဇွန်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အာဏာရှင်စနစ် ဆန့်ကျင်ရေး ယုံကြည်ချက်အပေါ်မယိမ်းမယိုင် မြဲမြံစွာ စွဲကိုင်ခဲ့သကဲ့သို့ ပန်းနှင့်အမြဲတွဲမြင်ရလေ့ရှိသည့် ဒေါ်အောင်ဆန်းစုကြည်ကို “သံမဏိ နှင်းဆီ”ဟု ကမ္ဘာက ဂုဏ်ပြုညွှန်းဆိုလေ့ရှိကြောင်း GSCB က ပြောသည်။

စစ်ကိုင်းတိုင်းမှ အမျိုးသမီးတဦးကလည်း ၎င်းအနေဖြင့် ပန်းများကို မြတ်နိုးသကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မြတ်နိုးသည့်အတွက် ပန်းသပိတ်များတွင် ပါဝင်ဆင်နွှဲဖြစ်ကြောင်း ပြောသည်။

“ပန်းကိုလည်း မြတ်နိုးသလို အမေစုကိုလည်း မြတ်နိုးလို့၊ တချို့ဆိုရင် စပယ်ပန်းဖွေးဖွေးလေးတွေတို့ နှင်းဆီပန်းဖွေးဖွေးလေးတွေကို ပန်ကြတယ်လေ။ ဒီလိုပဲ အမေစုရဲ့ မေတ္တာတွေက ပြည်သူတွေအပေါ် ဖြူစင်တယ်။ အဲ့ဒီလိုအဓိပ္ပာယ်နဲ့ တချို့က လိုက်ကြတာများတယ်။ ကျွန်မတို့လည်း တို့လည်း အဲ့ဒီလို အဓိပ္ပာယ်ယူပြီးတော့ လိုက်ဖူးတယ်”ဟု ဆိုသည်။

အာဏာသိမ်းကာလသုံးနှစ်ကျော်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ပြုလုပ်ခဲ့သည့် ပန်းသပိတ်တိုင်းတွင် စစ်ကောင်စီ၏ ဖမ်းဆီးမှုများရှိသော်လည်း အဆိုပါ အခက်အခဲများကြားကပင် ပါဝင်ဆင်နွှဲနေသူများရှိသည်။

“နည်းနာနည်းလမ်းအစုံအလင်နဲ့ ဒီလှုပ်ရှားမှုတွေကို သူတို့ (စစ်ကောင်စီ) အကြမ်းဖက်ဖို့ ၊ ဖိနှိပ်ဖို့ ၊ ဖြိုခွဲဖို့ ကြိုးပမ်းခဲ့တာပဲဖြစ်ပါတယ်ခင်ဗျ။ ပန်းပန်လို့ ၊ ပန်းရောင်းလို့ ၊ ပန်းဝယ်လို့ဆိုပြီး ဖမ်းတာဆီးတာတွေကအစပေါ့ဗျာ။ ဒါသည်ပင်လျှင် သူတို့ လုပ်တတ်တဲ့ တခုတည်းသော လုပ်ရပ်လို့တောင် ကျွန်တော်တို့ ပြောရမှာ ဖြစ်ပါတယ်ခင်ဗျ။ ဒါသည်ပင်လျှင် ဒီဖက်စစ်တပ်ရဲ့ သန္ဓေ သရုပ်မှန်ကို ဖော်ထုတ်နေတာပဲဖြစ်ပါတယ်။ ဒီလို အကြမ်းဖက်ရက်စက်မှုတွေကြောင့် သူတို့ အာဏာသက်ဆိုးရှည်နိုင်လိမ့်မယ်လို့ ထင်နေပုံလည်း ရပါတယ်” ဟု GSCB မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာဆန်းက ပြောသည်။

ပန်းသပိတ်လှုပ်ရှားမှုတွင် နှင်းဆီနီများအပါအဝင် အဆင်သင့်ရာ ပန်းများကို ပြည်သူလူထုက ဘုရားပန်းတင်ခြင်း၊ ပန်ဆင်ခြင်း၊ အလှပန်းအိုး ထိုးခြင်း၊ အပြန်အလှန် ပန်းလက်ဆောင် ပေးခြင်း၊ အွန်လိုင်းပေါ် တင်ခြင်းနှင့် မြေပြင် ပန်းသပိတ် လူထုလှုပ်ရှားမှုများကို ဖော်ဆောင်ကြရန် GSCB ကဆိုထားသည်။

ထို့ပြင် ပါဝင်ဆင်နွှဲမည့် သူများအနေဖြင့်လည်း လုံခြုံရေးအသိ၊ လုံခြုံရေးသတိများဖြင့် ဆောင်ရွက်ကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။

နိုင်ငံရေးဖြတ်သန်းမှု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးဖြတ်သန်းမှုတလျှောက် NLD အစိုးရအဖွဲ့ကို ဦးဆောင်နိုင်ခဲ့သကဲ့သို့ စစ်အာဏာရှင်အဆက်ဆက်၏ ဖမ်းဆီးမှုကို ခံခဲ့ရပြီး နေအိမ် အကျယ်ချုပ်နှင့် အကျဉ်းထောင်တို့တွင်လည်း ဖြတ်သန်းခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ်တွင် မြန်မာ့နိုင်ငံရေးလောက၌ စတင်၍ ပါဝင်လှုပ်ရှားလာခြင်းဖြစ်ပြီး ထိုစဉ်က အသက် ၄၃ နှစ်အရွယ်ရှိပြီဖြစ်သည်။

ထို့နောက် ၁၉၈၉ မှ ၁၉၉၅ ခုနှစ် အထိလည်းကောင်း၊ ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၂ ခုနှစ်အထိ လည်းကောင်း၊ ၂၀၀၃ မှ ၂၀၁၀ ခုနှစ်အထိလည်းကောင်း ၁၅ နှစ်နီးပါးကာလကို နေအိမ်အကျယ်ချုပ်ဖြင့် ရန်ကုန်မြို့ရှိ ခြံအမှတ် (၅၄) တွင် ထိန်းသိမ်းခံခဲ့ရသည်။

၂၀၀၉ ခုနှစ် မေလအစောပိုင်းတွင် အမေရိကန်နိုင်ငံသား ဂျွန်ယက်တော အင်းလျားကန်ကိုဖြတ်ကူးပြီး ဒေါ်အောင်ဆန်းစုကြည်နေအိမ်ထဲသို့ မဖိတ်ခေါ်ဘဲ ရောက်ရှိလာမှုကြောင့် ၎င်းအနေဖြင့် အင်းစိန်ထောင်တွင် သုံးလကျော်ထိန်းသိမ်းခံရပြီး အသက် ၆၄ နှစ်ပြည့်မွေးနေ့ကို ထိုနေရာတွင် ဖြတ်သန်းခဲ့ရသည်။

ထို့နောက် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။

လက်ရှိကာလတွင် အရပ်သားအစိုးရကို ငါးနှစ်တာ ဦးဆောင်ခဲ့ပြီး ရွေးကောက်ပွဲတွင် ထပ်မံအနိုင်ရခဲ့သော်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်၏ တကျော့ပြန်အာဏာသိမ်းမှုတွင် NLD အစိုးရအဖွဲ့ဝင်များနှင့် အတူ ဖမ်းဆီးခံရပြီး အကျဉ်းချခံထားရပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်၏ ဒီမိုကရေစီအရေးနှင့် အာဏာရှင်စနစ် ဆန့်ကျင်ရေးအတွက် နှစ်ပေါင်းများစွာ ယုံကြည်ချက်အပေါ်တွင် မြဲမြံစွာရပ်တည်ပြီး ဒီမိုကရေစီရေးအတွက် ကြိုးစားခဲ့သည့် ခေါင်းဆောင်တဦးဖြစ်ကြောင်း သပိတ်ခေါင်းဆောင်တဦးဖြစ်သည့် ဒေါက်တာ တေဇာဆန်းက ပြောသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLD ပါတီ အစိုးရဖြစ်သည့် အချိန်ကာလတွင် အချို့သော ရပ်တည်မှု ၊ ပြုမူဆောင်ရွက်မှုများအပေါ်တွင် ပြည်တွင်း ၊ ပြည်ပ ဝေဖန်ထောက်ပြမှုများ၊ မတူကွဲပြားသည့် အမြင်သဘောထားများ ရှိခဲ့ကြောင်းလည်း ဆိုသည်။

”ဒါကတော့ ပြောရရင် နိုင်ငံရေးမှာ ကြုံတွေ့ရလေ့ရှိတဲ့ သိပ်ပြီးတော့ မထူးဆန်းတဲ့ဖြစ်စဉ်တွေလို့ပဲ တနည်းအားဖြင့်လည်း ပြောနိုင်ပါတယ်” ဟု ဒေါက်တာ တေဇာဆန်းက ပြောသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးသည် စစ်ကောင်စီ ပြုတ်ကျရေးနှင့် ဆက်စပ်နေကြောင်း ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးဆိုတာဟာ စစ်ကောင်စီ ပြုတ်ကျရေးဆိုတာနဲ့ ဆက်စပ်နေတဲ့အတွက် စစ်ကောင်စီပြုတ်ကျရေးအတွက် ပြည်သူလူထုက ဘက်ပေါင်းစုံကနေ တုံ့ပြန်တိုက်ခိုက်တဲ့နေရာမှာ ပါဝင်အားပေးကြဖို့လိုတယ်”ဟု ဦးသန်းစိုးနိုင်က ဆိုသည်။

၁၉၉၁ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်လည်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ မှ လက်ရှိအချိန်အထိ စစ်အာဏာရှင်အဆက်ဆက်၏ ဖမ်းဆီးထိန်းသိမ်းမှုအောက်တွင် မွေးနေ့များကို ဖြတ်သန်းရသည်မှာ ယခုအကြိမ်နှင့်ဆိုပါက ၁၉ ကြိမ်တိုင် ရှိပြီလည်းဖြစ်သည်။

လက်ရှိ အာဏာသိမ်းကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့များကို မွေးနေ့ရှင်ကိုယ်တိုင် မတက်ရောက်နိုင်သော်လည်း ပြည်တွင်း၊ ပြည်ပရှိ ပြည်သူများက နှစ်စဉ် ​မွေး​​နေ့ပွဲများ ပြုလုပ်ပေးလျက်ရှိသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ မွေးနေ့အခါသမယတိုင်း ထောက်ခံသူများနှင့် ပြည်သူများ၏ ဦးစားပေးဆုတောင်းသည် “ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်ရန်” ပင်ဖြစ်သည်။



စာတည်း။ ။အောင်ကျော်ဖြိုး