ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့ yangon special forces က မွေးနေ့ဆုတောင်း

ဗီဒီယို yangon special forces

ဟန်ထူးဇော်

(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ လွတ်မြောက်နယ်မြေ တနေရာမှ Yangon special forces အဖွဲ့သည် ဇွန်လ ၁၉ရက်နေ့တွင် ကျရောက်သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့အတွက် မွေးနေ့ဆုတောင်းပြုလုပ်ခဲ့သည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉နှစ်မြောက်မွေးနေ့ကို မြန်မာနိုင်ငံအတွင်းရှိ လွတ်မြောက်နယ်မြေများနှင့် ပြည်ပနိုင်ငံများတွင် တော်လှန်ရေးအဖွဲ့အစည်းများမှ ပုံံစံမျိုးစုံဖြင့် မွေးနေ့ဆုတောင်းခြင်းများ ပြုလုပ်ခဲ့ကြပြီး စစ်ကောင်စီအုပ်ချုပ်သည့် မြို့နယ် ကျေးရွာများတွင်လည်း ပန်းသပိတ်ကို ဆင်နွဲခဲ့ကြသည်။

စစ်ကောင်စီမှ ပန်းသပိတ်တွင် ပါဝင်ခဲ့သည့် သူအချို့ကိုလည်း စိုးရိမ်တကြီး လိုက်လံရှာဖွေဖမ်းဆီးမှုများလည်းရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်မှ အာဏာသိမ်းသည့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့မှ စတင်ကာ မတရားဖမ်းဆီးခံခဲ့ရသည်။

မကြာသေးမီကာလက နေပြည်တော်အချုပ်ထောင်မှ နေရာပြောင်းရွှေ့ခဲ့ပြီးနောက် မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်း စစ်ကောင်စီမှ တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးပေ။

စစ်တပ်မှ အာဏာသိမ်းပြီးနောက် လူထုခေါင်းဆောင်မွေးနေ့ကို တော်လှန်ရေးအဖွဲ့အစည်းနှင့် လူထုများက နေရာဒေသမျိုးစုံတွင် ပုံစံမျိုးစုံဖြင့် ကျင်းပပြုလုပ်ခဲ့ကြပြီး မွေးနေ့ဆုတောင်းနှင့် မွေးနေ့အထိမ်းအမှတ် ပန်းပန်သူများကို စစ်ကောင်စီမှ လိုက်လံဖမ်းဆီးအရေးယူမှုများရှိခဲ့သည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့အတွက် မွေးနေ့ဆုတောင်းအဖြစ် Yangon special forces မှ ကဗျာဖြင့် မွေးနေ့ဆုတောင်း ရွတ်ဆိုခဲ့သည်။

“အောင်ဆန်းသွေး”

ဘယ်မှာလဲ လူငယ်ဘဝ
ဘယ်မှာလဲ ငြိမ်ချမ်းရေး
ဘယ်မှာလဲ ပညာရေး
မေမေ…
ကျည်ဆန်တွေ အစား ပန်းတွေ ပွင့်စေချင်တယ်
ယမ်းငွေ့တွေ အစား ပန်းရနံ့တွေ ဝေစေချင်တယ်
မေမေ …
သားတို့ သေနတ်တွေ အစား
စာအုပ်တွေ ကိုင်ချင်တယ်
သွေးစွန်းတဲ့ လက်နဲ့ ကိုင်တဲ့
ပန်းက ရနံ့ မထုံဘူး မေမေ။
သားတို့ မျက်စိ နားတွေ အပိတ်ခံထားရတယ်
မေမေ …
မေမေ …နေကောင်းလား မေမေ
၇၉နှစ်မွေးနေ့မှာ
သားတို့ ခေါ်သံတွေကြားပါစေ။
မေမေ …အချုပ်အနှောင်ကနေ လွတ်ကင်းပါစေ။
မေမေ .. နေကောင်းလားမေမေ……။ ။
(Yangon special forces)

စာတည်း – သန့်ဇော်(သန်လျင်)