ဝမ်ပေါင်-ယမ်စီ ကုမ္ပဏီကို လျှပ်စစ်ပေးနေသည့် တာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရ

ဝမ်ပေါင်-ယမ်စီ ကုမ္ပဏီကို လျှပ်စစ်ပေးနေသည့် တာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရ

၂၀၂၂ခုနှစ်အတွင်းက ဖောက်ခွဲဖျက်ဆီးးခဲ့သည့် တာဝါတိုင်(ပုံဟောင်း)

ပါခွီး (မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ် ၊ တောင်ငူကျေးရွာအနီးရှိ တာဝါတိုင်တခု အောက်တိုဘာလ ၁၉ရက် ညပိုင်းတွင် မိုင်းခွဲဖျက်ဆီးခံရကြောင်း ဒေသခံထံက သိရသည်။
“ဝမ်ပေါင် – ယမ်စီစက်ရုံထဲကို အဓိက ဓါတ်အားပေးတဲ့ တာဝါတိုင်ပါ။ အခြေကနေစပြီး မိုင်းခွဲလှဲလိုက်တာ ၊ တတိုင်လုံးပြိုလဲသွားတယ်လို့ သိရတယ်” ဟု ယင်းမာပင် – ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်ကော်မတီ ဦးဆောင်သူတဦးက မဇ္စျိမကိုပြောသည်။


မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် ယင်းနေရာအား စစ်ကောင်စီတပ် လုံခြုံရေးအဖွဲ့များ လာရောက်စစ်ဆေးခဲ့ကြောင်း ဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့ကြောင်း မသိရှိရသကဲ့သို့ လတ်တလော ထုတ်ပြန်ထားခြင်းများ မရှိသေးကြောင်း သပိတ်ခေါင်းဆောင်က ဆက်ပြောသည်။
ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို စစ်ကောင်စီကချုပ်ကိုင်ထားသည့် မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီဖြစ်သော ယမ်စီ-ဝမ်ပေါင်ကုမ္ပဏီတို့က အကျိုးတူ ပူးပေါင်းလုပ်ဆောင်နေခြင်း ဖြစ်သည်။


ယမ်စီ-ဝမ်ပေါင် ကြေးနီထုတ်လုပ်ရေး ကုမ္ပဏီဝင်းအတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ဝန်းကျင်ခန့်တပ်စွဲထားပြီး ဒေသတွင်း စစ်ကြောင်းထိုးနေသည့် တပ်များ အဝင်အထွက်ရှိကြောင်းလည်း သိရသည်။
ကြေးနီထုတ်လုပ်ရေးစက်ရုံသည် စစ်ကောင်စီတပ်နှင့် ပူးပေါင်းပြီး ဒေသအတွင်းရှိ ပြည်သူများဖက်ကမရပ်တည်ဘဲ ဖိနှိပ်မှုများတွင် ပါဝင်ကူညီသဖြင့် သပိတ်အဖွဲ့များ၊ လူမှုအဖွဲ့အစည်းများက ကန့်ကွက်နေ့သည့်ကြားမှ စက်ရုံလည်ပတ်ရန် ကြိုးစားသဖြင့် တိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း သပိတ်ခေါင်းဆောင်က သုံးသပ်ပြောဆိုသည်။


ယနေ့အောက်တိုဘာလ ၂၂ရက် နံနက်ပိုင်းတွင် ဝမ်ပေါင်-ယမ်စီ စက်ရုံအတွင်း၌ လျှပ်စစ်မီးများ ပြန်လည် ရရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။


၂၀၂၂ခုနှစ်ဇွန်လ ၂၄ရက်ည ၁၀နာရီ ၃၀မိနစ်ခန့်အချိန်ကလည်း ဆားလင်းကြီးမြို့နယ်၊ညောင်ပင်ကြီးကျေးရွာရှိ မြန်မာ – ဝမ်ပေါင်ကုမ္ပဏီသို့ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးနေသည့် တာဝါတိုင်ကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့က ဖောက်ခွဲဖျက်ဆီးခဲ့သေးသည်။


၂၀၂၂ခုနှစ် မတ်လ ၅ရက်နောက်ဆုံးထား၍ စစ်ကောင်စီတပ်ပိုင် ဦးပိုင်ကုမ္ပဏီနှင့် တရုတ် ဝမ်ပေါင်-ယမ်စီကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်နေသော ကြေးနီစီမံကိန်းအားလုံး ရပ်ဆိုင်းရန်နှင့် အလုပ်သမားအားလုံး CDM ဝင်ကြရန် ဒေသအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁၆ဖွဲ့ က ယင်းနှစ် ဧပြီလ ၂၁ရက်က ထုတ်ပြန်တောင်းဆိုထားပြီး မလိုက်နာပါက တိုက်ဖျက်သွားမည်ဖြစ်ကြောင်း သတိပေးခဲ့ဖူးသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး