မန်တုံမြို့က လက်ကျန်စခန်းကို TNLA သိမ်းပိုက်ပြီး မြို့ကို အပြီးသတ်ထိန်းချုပ်

ပုံအညွှန်း- နမ့်ခမ်းမြို့က စခန်းသစ် တပ်စခန်းကို သိမ်းပိုက်ပြီးနောက် TNLA စစ်သားများကို တွေ့ရစဉ် (Photo-Mizzima)

၀၀၉

(မဇ္ဈိမ) ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်း(ပလောင်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့ရှိ စစ်ကောင်စီ လက်ကျန် ဗျူဟာတပ်စခန်းကို တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ဒီဇင်ဘာ ၂၂ နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပြီး မြို့ကို အပြီးသတ်ထိန်းချုပ်လိုက်ကြောင်း မြို့ခံများက မဇ္ဈိမကို ပြောသည်။

ယမန်နေ့ည သန်းခေါင်ယံမှာ မန်တုံမြို့ အရှေ့ဘက် မြို့အဝင်မှာ တည်ရှိသည့် ခလရ (၁၃၀) ဗျူဟာ တပ်စခန်းကို TNLA ဘက်က သိမ်းပိုက်နိုင်ခဲ့ပြီး မြို့ကို ထိန်းချုပ်ထား ကြောင်း မြို့ခံ အမျိုးသမီးတဦးက ပြောသည်။

“မန်တုံက စခန်းကို သိမ်းလိုက်ပြီ၊ အဲ့စခန်းက မန်တုံမှာ စစ်တပ်ရဲ့ နောက်ဆုံးစခန်းပဲ၊ ဒီမနက်ထိတော့ စခန်းထဲက ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်တပ်အချို့ကို TNLA ဘက်က လိုက်ပြီး ရှင်းလင်းနေတယ်” ဟု မြို့ခံအမျိုးသမီးက ပြောသည်။

TNLA ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် တားဂျုတ်ဂျား၏ လူမှုစာမျက်နှာမှာလည်း မန်တုံမြို့ကို ရူကောမြေလို့ အသုံးပြုပြီး “ရူကောမြေအတွက် ကြွေကွဲခဲ့သမျှ ဆွေးမြေ့ခဲ့သမျှ အသစ်တဖန် ပြန်လည်မွေးဖွားလာပါပြီ” ဟု ယနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ရေးသားထားသည်။

အဆိုပါ မန်တုံ ဗျူဟာတပ်စခန်းကို သိမ်းပိုက်ရရှိကြောင်း TNLA ဘက်က တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ယမန်နေ့ တရက်အတွင်း မန်တုံမြို့အနီးတဝိုက်ကို စစ်ကောင်စီတပ်ဘက်က ဂျက်ဖိုက်တာဖြင့် (၁၃) ကြိမ်၊ Y12 လေယာဉ်ဖြင့် (၄၈) ကြိမ် စုစုပေါင်း ဗုံး ၂၅၈ လုံး အသုံးပြု လေကြောင်းတိုက်ခိုက်မူပြုလုပ်ခဲ့ကြောင်း TNLA ဘက်က ထုတ်ပြန်ထားသည်။

ပစ်ခတ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် မန်တုံမြို့ရှိ ဒုက္ခသည်စခန်း၊ လွယ်ကန်ကျေးရွာ၊ မန်တုံမြို့တွင်းနှင့် အနီးတဝိုက်ကျရောက်ပေါက်ကွဲခဲ့သည်။

ယင်းကြောင့် လွယ်ကန်ကျေးရွာ၊ မန်တုံမြို့နှင့် ဒုက္ခသည်စခန်းရှိ မီးတိုင်များ ကျိုးကျပျက်စီးခဲ့ပြီး နေအိမ် တလုံးမီးလောင်ကာ ဘုန်းတော်ကြီးကျောင်း အပါအဝင် ဒေသခံနေအိမ် ၁၅ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း TNLA က ထုတ်ပြန်သည်။

TNLA က စစ်ကောင်စီ၏ မန်တုံရဲစခန်း၊ မန်တုံမြို့ရှိ စစ်ကောင်စီနှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ် “ပူးပေါင်းတပ်စခန်း” များကို နိုဝင်ဘာလ ၃ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လက်ကျန်ဗျူဟာတပ်စခန်းကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်၊။

မန်တုံမြို့သည် TNLA ဘက်က အပြီးသတ်သိမ်းပိုက်ထားသည့် နမ့်ဆန်မြို့နှင့် နမ့်ခမ်းမြို့ အကြားတွင် တည်ရှိပြီး TNLA အဓိက လှုပ်ရှားသည့် နမ့်ဆန်မြို့မှ စတင်ပြီး တရုတ်-မြန်မာနယ်စပ် ရွှေလီမြစ်ဘေးက နမ့်ခမ်းမြို့ နယ်မြေတစ်လျောက်လုံးကို ထိန်းချုပ်မူ ပြုလုပ်လိုက်ခြင်းလည်း ဖြစ်သည်။

စာတည်း။ ။ နောင်နောင်