TNLA ခေါင်းဆောင်များ နေပြည်တော်သွားရောက်တွေ့ဆုံသည့် သတင်းမှား

JC

(မဇ္ဈိမ)။ ။ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ခေါင်းဆောင်တွေက နေပြည်တော်ကို ရောက်ရှိနေကြတယ်ဆိုတဲ့အကြောင်းကို လူမှုကွန်ရက်အသုံးပြုသူတချို့က ဖြန့်ဝေထားကြပါတယ်။

“Maru Na Li Shawng” ဆိုတဲ့ အကောင့်ကနေ ဇွန်လ ၁၆ ရက်နေ့မှာ “TNLA ခေါင်းဆောင်တွေ နေပြည်တော်သို့ လျှို့ဝှက်စွာ သွားရောက်နေတယ်”​လို့ ဖော်ပြထားပါတယ်။ ဗိုလ်နန်းဝေ ဆိုတဲ့ အကောင့်ကနေလည်း နောက်တရက်မှာ TNLA ခေါင်းဆောင်တွေ နေပြည်တော်သို့ လျှို့ဝှက်စွာ သွားရောက်နေတယ်လို့ Maru Na Li Shawng က တင်ထားတာကို တွေ့ရကြောင်းနဲ့ သူ့သတင်းက မှန်လေ့ရှိကြောင်း တွေကိုလည်း ဖော်ပြထားပါတယ်။
ဒီထဲမှာ Shwe Phee Myay သတင်းဌာနအမည်ကို တုပထားတဲ့ အကောင့်ကနေလည်း မျှဝေထားတာကို တွေ့ရပါတယ်။ မှတ်ချက်တချို့မှာတော့ ဒီကိစ္စသာ အမှန်မဟုတ်ဘူးဆိုရင် TNLA အနေနဲ့ စာထုတ်ပြီး ရှင်းလင်းသင့်တယ်လို့ မှတ်ချက်ပြုထားကြတာကို တွေ့ရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မဇ္ဈိမကနေ PSLF/TNLA ပြောရေးဆိုခွင့်ရုံး တာဝန်ရှိသူ လွေးယေဦးကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ ဒါဟာ သတင်းမှားဖြစ်ပြီး နေပြည်တော်ကို TNLA ခေါင်းဆောင်တွေ သွားရောက်တွေ့ဆုံတာမရှိဘူးလို့ ပြောပါတယ်။
“အဲ့ဒါက သတင်းမှားသာဖြစ်တယ်ပေါ့နော်။​ကျမတို့ အဲ့လိုသွားရောက်ခြင်းလည်းမရှိသလို အဲ့ဒီလို ထုတ်ပြန်ထားတာလည်း မရှိပါဘူး”

TNLA ခေါင်းဆောင်တွေ နေပြည်တော်သို့ သွားရောက် ပြီး စစ်ကောင်စီနှင့် လျှို့ဝှက်စွာ တွေ့ဆုံနေတယ်လို့ သတင်းတွေ ထွက်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဇွန်လ ၁၇ ရက်နေ့မှာ “စစ်ကောင်စီနှင့် နေပြည်တော်၌ တွေ့ဆုံခြင်းမရှိဟု TNLAပြော” ဆိုတဲ့သတင်းကို TNLA ခေါင်းဆောင်တယောက်ကိုမေးမြန်းပြီး People’s Spring သတင်းဌာနမှာ သတင်းဖော်ပြထားပါတယ်။ လင့် – t.ly/D-Se-

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း စစ်ကောင်စီတပ်နဲ့ ညီနောင်သုံးဖွဲ့တို့ကြားမှာ ဆွေးနွေးမှု ငါးကြိမ်လုပ်ဆောင်ခဲ့ပြီး ငါးကြိမ်စလုံးဟာ တရုတ်နိုင်ငံမှာပဲ လုပ်ဆောင်ခဲ့ကြတာပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီ ဒုတိယအပတ်ထဲမှာ တရုတ်နိုင်ငံရဲ့ ကြားဝင်ပေးမှုကြောင့် တရုတ်နိုင်ငံ ကူမင်းမြို့မှာ စစ်ကောင်စီနဲ့ ညီနောင်သုံးဖွဲ့တို့ကြား ဟိုင်ဂင် ယာယီအပစ်ခတ်ရပ်စဲရေး စာချုပ်ကို ချုပ်ဆိုခဲ့ကြပြီး ဇန်နဝါရီ ၁၁ ရက်နေ့ကစလို့ နှစ်ဖက် အပစ်ခတ်ရပ်စဲခဲ့ကြပါတယ်။ အဲ့ဒီစာချုပ်ချုပ်ဆိုပြီးနောက်ပိုင်းမှာလည်း တရုတ်နိုင်ငံမှာပဲ နောက်ထပ်နှစ်ကြိမ် တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ခဲ့ကြပါသေးတယ်။

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာ ဆွေးနွေးမှုတွေကို တရုတ်နိုင်ငံမှာပဲ လုပ်ခဲ့ကြပြီး ညီနောင်သုံးဖွဲ့ ခေါင်းဆောင်တွေက နေပြည်တော်ကို သွားလေ့မရှိကြပါဘူး။ တရုတ်နိုင်ငံမှာ စစ်ကောင်စီနဲ့ ညီနောင်သုံးဖွဲ့တို့ကြား ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တာကို သတင်းဌာနတွေမှာ သတင်းဖော်ပြခဲ့ကြပေမယ့် အခု သတင်းထွက်ပေါ်နေသလို TNLA ခေါင်းဆောင်တွေ နေပြည်တော်ကို ရောက်ရှိနေကြတယ်ဆိုတာကိုတော့ ယုံကြည်စိတ်ချရတဲ့သတင်းဌာနတွေမှာ ဖော်ပြတာ မတွေ့ရပါဘူး။
လင့် – t.ly/d5bhE , t.ly/FTwcS

ဒါကြောင့် TNLA ခေါင်းဆောင်တွေ နေပြည်တော်ကိုသွားရောက်ပြီး စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးမှု လုပ်သယောင် ဖော်ပြနေကြတာတွေဟာ အချက်အလက်ခိုင်လုံမှုမရှိဘဲ ဖော်ပြနေကြတဲ့ သတင်းမှားပဲ ဖြစ်ပါတယ်။

သတင်းဖတ်ရှုသူတွေအနေနဲ့ သတင်းတုလို့ သံသယရှိရင်ဖြစ်ဖြစ် သတင်းတုကိုတွေ့ခဲ့ရင်ဖြစ်ဖြစ် မဇ္ဈိမကို အချက်အလက်စစ်ဆေးဖို့အတွက် ပေးပို့လို့ရပါတယ်။ ပေးပို့မယ်ဆိုရင်တော့ t.ly/AjFbz ဆိုတဲ့ လင့်ကို ရိုက်ထည့်ပြီး သတင်းလင့်နဲ့တကွ စစ်ဆေးစေချင်တဲ့အကြောင်းအရာကိုဖြည့်စွက်ပေးပို့နိုင်ပါတယ်။