ရုပ်သံဖိုင်အဟောင်းနဲ့ ရခိုင်ပြည်ကို ဒုံးကျည်နဲ့ တိုက်ခိုက်သယောင်ဖြန့်ဝေနေတဲ့ သတင်းအမှား

ZZ

(မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်ထဲကို ဒုံးကျည်နဲ့ပစ်ချသယောင် ဖြန့်ဝေထားတဲ့ ရုပ်သံဖိုင်တခု ပျံ့နှံ့နေပါတယ်။

ဒီဖိုင်ကို ဖေ့ဘုတ်မှာ Zay Paing Phyo ဆိုတဲ့ အကောင့်ကနေ “ရခိုင်ပြည်ကြီး ဘေးရန်ကင်းပါဇီ” ဆိုတဲ့ စာသားနဲ့ ဇန်နဝါရီ ၁၂ ရက်နေ့က ဖြန့်ဝေထားတာပါ။ ရုပ်သံဖိုင်ထဲမှာ မီးလုံးကြီးတစ်လုံး ကောင်းကင်ကနေ ကျလာပြီး မြေပြင်မှာပေါက်ကွဲခဲ့နေတာ ပါဝင်ပါတယ်။

ဒီရုပ်သံဖိုင်က အခု ဇန်နဝါရီမှ စတင်ပျံ့နှံ့နေတာမဟုတ်ပဲ ၂၀၂၃ နိုဝင်ဘာ ၂၃ ရက်နေ့ကတည်းက စိုးနိုင်ဆိုတဲ့ တစ်တော့အကောင့်ကနေ ဖြန့်ဝေထားတာပါ။ ရုပ်သံဖိုင်ဟာ ၆ စက္ကန့် မြင့်ပြီး ကြိုက်နှစ်သက်သူ တသိန်းကျော်နဲ့ ကြည့်ရှုသူ ငါးသန်းထိ ရှိခဲ့ပါတယ်။

မဇ္ဈိမ အချက်အလက် စစ်ဆေးသူတွေက ဒီရုပ်သံဖိုင်မှာ ပါဝင်တဲ့ ဒုံးကျည်ကျလာတဲ့ နေရာကို စခရင်ရှော့နဲ့ Google Image Search မှာ ရှာဖွေခဲ့ရာမှာတော့ အရင်က ဖိုင်အဟောင်းဖြစ်ကြောင်းတွေ့ရပါတယ်။

Youtube ချန်နယ်တစ်ခုဖြစ်တဲ့ “unreall vfx” ကနေ ၂၀၂၃ခုနှစ် နိုဝင်ဘာ ၃ရက်နေ့က အစောဆုံးဖြန့်ဝေထားတာကိုတွေ့ရပါတယ်။
သူ့ရဲ့ဖော်ပြချက်မှာတော့ “ဥက္ကာခဲကျလာတဲ့ မြင်ကွင်း”လို့ရေးသားပါတယ်။ ရုပ်သံဖိုင်ရဲ့ ရှင်းလင်းချက်မှာလည်း #adobe #aftereffects လို့ရေးသားပြီး သုံးထားတဲ့ effects ကို ထည့်သွင်းရေးသားထားတာပါ။ မူရင်းရုပ်သံဖိုင်ထဲမှာတော့ ဘာစာမှ မပါဝင်ပါဘူး။ လင့်- https://shorturl.at/avwO9

ဒီရုပ်သံဖိုင်ကိုပဲ အခု ၂၀၂၄ခုနှစ် ဇန်နဝါရီ ၂ရက်နေ့မှာလည်း အင်စတာဂရမ်အသုံးပြုသူတဦးက “အမေရိကန်မှာ ဥက္ကာခဲကျလာတဲ့မြင်ကွင်း” လို့ရေးသားကာ ထပ်မံဖြန့်ဝေထားပါသေးတယ်။

စိုင်းနိုင်ရဲ့ ပို့စ်အောက်မှာလဲ ရခိုင်မှာမဟုတ်တဲ့အကြောင်းရေးသားတဲ့ မှတ်ချက်တွေအများအပြားကိုလဲ တွေ့ရပါသေးတယ်။

ဒါ့ကြောင့် ယခုပျံ့နှံ့ခဲ့တဲ့ ရခိုင်ပြည်ကို ဒုံးကျည်နဲ့ ပစ်ချသယောင်ဖြန့်ဝေထားတဲ့ ရုပ်သံဖိုင်ဟာ မြန်မာနိုင်ငံမှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တာမဟုတ်ဘဲ ယခင်က ပျံ့နှံ့ခဲ့ဖူးတဲ့ ဖိုင်အဟောင်းကို ပြန်လည် အသုံးပြုထားတဲ့ သတင်းအမှားသာဖြစ်ပါတယ်။

မဇ္ဈိမရဲ့ သတင်းဖတ်ရှုသူများအနေနဲ့ သတင်းတုလို့ သံသယရှိတဲ့ အချက်အလက်တွေ၊ သတင်းဆောင်းပါးတွေ၊ သတင်းမှားတွေကို ဒီလင့် ” t.ly/AjFbz ” ထဲဝင်ပြီး ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါတယ်။