MNL League Cup ဗိုလ်လုပွဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်မည့်အစီအစဉ် ဖျက်သိမ်း

MNL League Cup ပြိုင်ပွဲ

ကီရာ

(မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ စီစဉ်ကျင်းပသည့် MNL League Cup 2024 ဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ရန်စီစဉ်ထားခဲ့သော်လည်း အစီအစဉ်ကို ဖျက်သိမ်းခဲ့ကြောင်း ဘောလုံးအဖွဲ့ချုပ်နှင့် နီးစပ်သူများက မဇ္ဈိမကို ပြော သည်။

ဇွန်လ ၁၉ ရက်က ကျင်းပခဲ့သည့် MNL League Cup 2024 ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို မတက်ရောက်တော့ဘဲ ပွဲမစမှီ နှစ်နာရီခန့်အလိုတွင် ပယ်ဖျက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“နေ့လယ်လောက်အထိ သူလာမယ်လို့ပဲ သိထားခဲ့တယ်၊ ပြန်ကြားရေးကရော တိုက်ရိုက်သတင်းတင်မယ့်ကားပါ အသင့်လုပ်ထားခဲ့တယ်။ ဘယ်လိုအကြောင်းကြောင့် အစီအစဉ်ဖျက်တယ်ဆိုတာမသိခဲ့ဘူး”ဟု ဘောလုံးအဖွဲ့ချုပ်နှင့် နီးစပ်သည့်သတင်းရင်းမြစ်တခုက မဇ္ဈိမကို ပြောသည်။

ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်း၌ ပြုလုပ်ခဲ့သည့် အဆိုပါ ဗိုလ်လုပွဲသို့ လာရောက်မည့် အစီစအစဉ်ကို ဗိုလ်ချုပ်မင်းအောင်လှိုင်က မည်သည့်အတွက်ကြောင့် ဖျက်သိမ်းခဲ့သည်ကို မသိရှိရပေ။

လုံခြုံရေးအနေဖြင့် သုဝဏ္ဏကွင်း VIP ပွဲကြည့်စင်နေရာရှိ စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများအနီးတွင် စစ်တပ်နှင့် ရဲများက လက်နက်အပြည့်အစုံဖြင့် စောင့်ကြပ်နေခဲ့ပြီး ကွင်းအဝင်ပေါက်တွင် လူတဦးချင်းစစ်ဆေးမှုအပြင် X Ray စက်များဖြင့်ပါ စစ်ဆေးမှု ပြုလုပ်ခဲ့သည်ဟု သိရသည်။

“သုဝဏ္ဏအားကစားကွင်းထဲမှာ ရဲတပ်ဖွဲ့တင်မဟုတ်ဘူး၊ စစ်တပ်ကပါ လုံခြုံရေးအထူးတင်းကျပ်ထားခဲ့တယ်၊ ကွင်းရှေ့မှာ သံချပ်ကာကားပါ နေရာယူထားပြီး ကွင်းထဲက အတွင်းစီးနေရာအားလုံးနီးပါးမှာ တပ်ကလုံခြုံရေး ယူထားပြီး Jumper (လိုင်းဖြတ်စက်) တွေထောင်ခဲ့တယ်။ ရဲက ဖောကားသုံးစီး ရပ်ထားတာလည်း တွေ့ခဲ့တယ်” ဟု ၎င်းပွဲသို့ သွားရောက်ခဲ့သူတဦးက မဇ္ဈိမကို ပြောသည်။

ဗိုလ်လုပွဲသို့ စစ်ခေါင်းဆောင် လာရောက်မည့်သတင်းကို ဇွန် ၁၇ ရက်နေ့ကပြုလုပ်သည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ပါဝင်ယှဉ်ပြိုင်မည့် အသင်းနှစ်သင်း၏အစည်းအဝေးတွင် ပြောဆိုခဲ့ကြခြင်း ဖြစ်သည်။

“အစည်းအဝေးမှာ တက်မယ်လည်းပြောတယ် ပြောတယ် ။ ဖုန်းတွေစစ်မယ်အပြင် VPN တွေ ဖျက်ခဲ့ဖို့အထိ မှာကြတာ။ ပြီးတော့ နေပြည်တော်ကို သတင်းလှမ်းတင်ဖို့ မြန်မာ့အသံက OB Van ကားပါအသင့်လုပ်ထားတာ တိုင်းဝန်ကြီးချုပ်အဆင့်ကို မြန်မာ့အသံက အဲ့လိုမလုပ်ပေးဘူး” ဟု ၎င်းအစည်းအဝေးတက်ရောက်ခဲ့သူတဦး ကလည်း ပြောသည်။

အဆိုပါပွဲကို ဗိုလ်ချုပ်မင်းအောင်လှိုင်အစား ရန်ကုန်တိုင်းစစ်ကောင်စီအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့သည်ကို တွေ့ရသည်။

MNL League Cup ပြိုင်ပွဲကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှစီစဉ်ကျင်းပခြင်းဖြစ်ပြီး ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ စည်းမျဉ်းအရ ယခုနှစ်သည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူမှု နောက်ဆုံးသက်တမ်းဖြစ်ကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်