အမေရိကန်နှင့် ဥရောပသမဂ္ဂကဲ့သို့ တရုတ် EV များအပေါ် အခွန်စည်းကြပ်ရန် ကနေဒါ စီစဉ်

ကနေဒါသို့ တင်သွင်းသည့် တရုတ် EV များ၏ တန်ဖိုးသည် ၂၀၂၂ ခုနှစ်တွင် ကနေဒါဒေါ်လာ သန်း ၁၀၀ ခန့်သာရှိခဲ့သော်လည်း ၂၀၂၃ ခုနှစ်တွင် ကနေဒါဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ ရှိလာခဲ့သည်။

Straits Times

အမေရိကန်နှင့် ဥရောပသမဂ္ဂကဲ့သို့ပင် တရုတ်လျှပ်စစ်ကားများ (EVs) များအပေါ် အခွန်စည်းကြပ်မှု အသစ်များချမှတ်ရန် ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒူးအစိုးရက ပြင်ဆင်နေကြောင်း ယင်းကိစ္စနှင့် နီးစပ်သူများက ပြောကြားလိုက်သည်။ 

ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး အစိုးရက နောက်ဆုံး ဆုံးဖြတ်ချက်ချရန် လိုအပ်နေသေးသော်လည်း ကနေဒါသို့ တရုတ်မှ EV တင်ပို့မှုအပေါ် သက်ရောက်မှုရှိစေမည့် အခွန်ကောက်ခံမှု စတင်တော့မည်ကို တာဝန်ရှိသူများက မကြာမီ ကြေညာဖွယ်ရှိနေသည်။ 

နောက်ဆုံးအခွန်စည်းကြပ်မှုနှုန်းထား ၁၀၂ ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိလာသည့် တရုတ်ထုတ် EV များကို အခွန်လေးဆခန့်တိုးမြှင့်ကောက်ခံမည့် အစီအစဉ်ကို မေလတွင် ကြေညာခဲ့သည့် အမေရိကန်အစိုးရကဲ့ သို့ လုပ်ဆောင်ရန် ကနေဒါအစိုးရသည် ပြည်တွင်းပြည်ပဖိအားပေးခံနေရသည်။

ဥရောပသမဂ္ဂကလည်း တရုတ် EV ကားများအပေါ် အခွန်တိုးကောက်ရန် စီစဉ်ထားပြီး အချို့သော မော်တော်ယာဉ်များအတွက် ၄၈ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံရန် စီစဉ်ထားကြောင်း ပြီးခဲ့သည့် သီတင်းပတ်က ကြေညာခဲ့သည်။

အနောက်ဒီမိုကရေစီနိုင်ငံများသည် တရုတ်၏ အဓိကကုန်ပစ္စည်းများ အလွန်အကျွံထုတ်လုပ်မှုနှင့် ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်လာနေပြီး ယင်းသည် ထောက်ပံ့ရေးကွင်းဆက်များကို လွှမ်းမိုးရန်နှင့် ပြည်တွင်းစက်မှုလုပ်ငန်းများကို ထိခိုက်မှုအဖြစ် ရှုမြင်ကြသည်။

BYD ကဲ့သို့သော တရုတ်ကုမ္ပဏီများသည် ကမ္ဘာ့ဈေးကွက်များသို့ ပြင်းပြင်းထန်ထန်ထိုးဖောက်လာခြင်း ကြောင့် ဘက်ထရီစွမ်းအင်သုံး EV များသည် အဓိကပစ်မှတ်ဖြစ်လာသည်။ ဇွန်လ ၂၀ ရက်တွင် အွန်တာရီရိုပြည်နယ်ဝန်ကြီးချုပ် ဒေါက်ဖို့က တရုတ်သည် စျေးသက်သာသော EV များထုတ်လုပ်ရန် နိမ့်ကျသည့် အလုပ်သမားစံနှုန်းနှင့် ညစ်ညမ်းသောစွမ်းအင်ကို အသုံးပြုနေသည်ဟု စွပ်စွဲကာ အမေရိကန်အစိုးရ၏ အကောက်ခွန်ကဲ့သို့ အနည်းဆုံးကောက်ခံရန် ကနေဒါဗဟိုအစိုးရကို တောင်းဆိုခဲ့သည်။ 

“ကျွန်ုပ်တို့အလျင်အမြန်မလုပ်ဆောင်ပါက အွန်တာရီယိုနဲ့ ကနေဒါက အလုပ်အကိုင်တွေ ဆုံးရှုံးသွား ပါလိမ့်မယ်” ဟု ၎င်းက လူမှုမီဒီယာ X တွင် ရေးသားခဲ့သည်။ 

ကနေဒါသို့ တင်သွင်းသည့် တရုတ် EV များ၏ တန်ဖိုးသည် ၂၀၂၂ ခုနှစ်တွင် ကနေဒါဒေါ်လာ သန်း ၁၀၀ အောက်လျော့နည်းခဲ့သော်လည်း ၂၀၂၃ ခုနှစ်တွင် ကနေဒါဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ ရှိလာခဲ့ကြောင်း Statistics Canada ၏ အချက်အလက်များတွင် ဖော်ပြထားသည်။

Tesla ၏ ရှန်ဟိုင်းစက်ရုံမှ Model Y မော်တော်ကားများကို စတင်ပို့ဆောင်ပြီးနောက် ဗန်ကူဗားဆိပ်ကမ်း တွင် တရုတ်မှ ရောက်ရှိလာသည့် ကားအရေအတွက်သည် ငါးဆကျော် ခုန်တက်သွားခဲ့သည်။ 

သို့သော် Tesla မဟုတ်ဘဲ တရုတ်ကားထုတ်လုပ်သူများမှ ထုတ်လုပ်သည့် စျေးပေါသောကားများက နောက်ဆုံးတွင် စျေးကွက်ကိုလွှမ်းမိုးသွားမည်ကို ကနေဒါအစိုးရက စိုးရိမ်နေခြင်းဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်က အီတလီ၌ ပြုလုပ်သည့် ဂျီ-၇ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတွင် တရုတ်ထုတ်ကုန်များနှင့် ပတ်သက်၍ အဓိကထားဆွေးနွေးခဲ့ကြောင်း  ဝန်ကြီးချုပ်က ဇွန် ၂၀ ရက်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

ကနေဒါ မော်တော်ယာဥ်လုပ်ငန်းအဖွဲ့များကလည်း တင်းတင်းကျပ်ကျပ် အခွန်စည်းကြပ်ရန် အစိုးရကို တောင်းဆိုထားသည်။ 

ကနေဒါထုတ် မော်တော်ယာဥ်အများစုကို အမေရိကန်သို့ တင်ပို့နေသည်။ ကနေဒါဗဟိုအစိုးရနှင့် အွန်တာရီရိုပြည်နယ်အစိုးရတို့သည် EV ထုတ်လုပ်ရေးလုပ်ငန်းတခုတည်ဆောက်ရန်၊ ဘက်ထရီ အတွက်အရေးကြီးသောသတ္တုများကိုတူးဖော်ခြင်းမှသည် ကားများနှင့် အပေါ့စားထရပ်ကားများ တပ်ဆင်ထုတ်လုပ်ခြင်းအတွက် ဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံရန်ကတိပြုခဲ့သည်။ 

ယင်းတွင် Volkswagen၊ Stellantis နှင့် Honda Motor ၏ စက်ရုံအသစ်များအတွက် ဒေါ်လာဘီလီ ယံပေါင်းများစွာ ထောက်ပံ့မှုများ ပါဝင်သည်။