လုံခြုံရေးစည်းကမ်းများကို မလိုက်နာချင်ကြသော ပါကစ္စတန်ရောက် တရုတ်များ

WION:

ပါကစ္စတန်တွင်နေထိုင်သည့် တရုတ်များသည် လုံခြုံရေးစည်းကမ်းများကို လိုက်နာရန် တိုက်တွန်းသည့်အခါ စိတ်ဆိုးကြကြောင်း ပါကစ္စတန်နိုင်ငံ၊ ပန်ဂျပ်ပြည်နယ် ဝန်ကြီးချုပ် မာရီယမ်နာဝက်ဇ်က ဧပြီ ၅ ရက်တွင် ပြောကြားလိုက်သည်။ ခိုင်ဘာပက်တွန်ခွာပြည်နယ်တွင် တရုတ်အင်ဂျင်နီယာငါးယောက်နှင့် ၎င်းတို့၏ ယာဉ်မောင်းဖြစ်သူတို့ သေဆုံးခဲ့သည့် အသေခံဗုံးခွဲမှု ဖြစ်ပွားပြီး တပတ်အကြာတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်သုံးကြိမ်ဖြစ်ခဲ့သူ ဝန်ကြီးချုပ်ဟောင်း နာဝက်ဇ်ရှာရစ်ဖ်၏ သမီးဖြစ်ပြီး ပါကစ္စတန်တွင် ပြည်နယ်ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ခွင့်ရသည့် ပထမဆုံးအမျိုးသမီးဖြစ်သူ မာရီယမ်နာဝက်ဇ်က ၎င်း၏ ပထမဆုံး ထိပ်သီးကော်မတီအစည်းအဝေးတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ပါကစ္စတန်ရှိ တရုတ်နိုင်ငံသားများသည် လုံခြုံရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် ဝန်လေးကြသည်ဟု ၎င်းက ဆိုသည်။ ၎င်းတို့အား လုံခြုံရေးစည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် တိုက်တွန်းသည့်အခါ မကျေမနပ်ဖြစ်ကြပြီး စည်းမျဉ်းစည်းကမ်းအတိုင်း မနေချင်ကြကြောင်း မာရီယမ်က ပြောကြားခဲ့သည်။

အစိုးရအနေဖြင့် ပန်ဂျပ်ပြည်နယ်ရှိ တရုတ်ဝန်ထမ်းများအတွက် လုံခြုံရေးကို ခိုင်ခိုင်မာမာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မာရီယမ်က အာမခံခဲ့သည်။ ဘီရှန်းမ်တွင်ဖြစ်ပွားခဲ့သည့် တရုတ်အင်ဂျင်နီယာများ သတ်ဖြတ်ခံရမှုကိုလည်း ရှုတ်ချကြောင်း ၎င်းက အဆိုပါ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က ဘီရှန်းမ်တွင် အသေခံဗုံးခွဲမှုတခု ဖြစ်ပွားခဲ့ရာ တရုတ်အင်ဂျင်နီယာငါးဦးနှင့် ပါကစ္စတန်ယာဉ်မောင်းဖြစ်သူတို့ သေဆုံးခဲ့သည်။ ၎င်းတို့သည် အစ္စလာမ်မာဘတ်မြို့မှ ခိုင်ဘာပက်တွန်ခွာပြည်နယ်၊ ဒါဆုရှိ ရေကာတာတည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်စဉ် ဗုံးခွဲခံခဲ့ရခြင်း ဖြစ်သည်။

အကြမ်းဖက်သမားများသည် ဒီဂျစ်တယ်နည်းပညာများကို အသုံးချလာကြပြီး မိမိတို့အနေဖြင့် ယင်းနည်းပညာများတွင် ၎င်းတို့ထက် ခေတ်မီသာလွန်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် အကြမ်းဖက်သမားများသည် နောက်ဆုံးပေါ် လက်နက်နှင့် နည်းပညာများကို ပိုင်ဆိုင်ထားပြီး ၎င်းတို့တွင် အာဖဂန်နစ္စတန်မှ ရရှိထားသည့် အမေရိကန်ထုတ် လက်နက်များလည်းရှိကြောင်း၊ အာဖဂန်နစ္စတန်မှလက်နက်များ ဝင်ရောက်နေခြင်းမှာ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများအတွက် ကြီးမားသော စိန်ခေါ်မှုဖြစ်ကြောင်း မာရီယမ်က ပြောကြားခဲ့သည်။

လူငယ်များသည် အကြမ်းဖက်သမားများ၏ ကြိုးကိုင်ခြယ်လှယ်မှုကို ခံနေရပြီး လူသစ်စုဆောင်းခြင်း ခံနေရသည်ဟု အသက် ၅၀ အရွယ် ပါကစ္စတန်မွတ်စလင်အဖွဲ့ချုပ်-နာဝက်ဇ်ပါတီခေါင်းဆောင်က ပြောကြားခဲ့သည်။ အဆိုပါ ရည်ရွယ်ချက်အတွက် အဓိက အသုံးပြုနေသည့်နည်းလမ်းများတွင် လူမှုမီဒီယာလည်းပါဝင်သည်ဟု ၎င်းက ဆိုသည်။

ပါကစ္စတန်ဝန်ကြီးချုပ် ရှေးဘက်ဇ်ရှာရဇ်ဖ်သည် နိုင်ငံအတွင်းရှိ စီမံကိန်းအမျိုးမျိုးတွင် လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများအတွက် လုံခြုံရေး ထိထိရောက်ရောက် ဆောင်ရွက်ပေးရန် လုံခြုံရေးအဖွဲ့အစည်းအားလုံးကို ဧပြီ ၅ ရက်တွင် ညွှန်ကြားခဲ့သည်။