မြင်းခြံတွင် လူမှုရေးအသင်းယာဉ်ကို စစ်ကောင်စီတပ်ကပစ်ခတ်၍ လူနာလိုက်ပိုသည့် ဆရာတော် ပျံလွန်တော်မူ

008 ၊ လွှမ်းမိုး

(မဇ္စျိမ)။ ။မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် ဇွန်လ ၂၂ ရက် ည ၉ နာရီ ၃၀ မိနစ်ခန့်က လူမှုကူညီရေး အသင်းယာဉ်ကို စစ်ကောင်စီတပ်ဖွဲ့မှပစ်ခတ်ခဲ့ရာ လူနာလိုက်ပို့သည့် ဆခမကျေးရွာ ကျောင်းထိုင်ဆရာ တော် ဦးဥတ္တမပျံလွန်တော်မူသွားကြောင်းသိရသည်။

ဆရာတော်လိုက်ပါလာသည့် လူမှုကူညီရေးအသင်ယာဉ်မှာ ဆခမကျေးရွာမှလူနာကို မြင်းခြံဆေးရုံသို့ လိုက်ပို့စဉ် မြင်းခြံမြို့ပတ်လမ်း မောင်ရင်မောင်‌ကျေးရွာနှင့် ဆခမကျေးရွာကြားတွင် ပစ်ခတ်ခံရခြင်းဖြစ် သည်။

“အဲဒီလမ်းမှာက စစ်တပ်က ကင်းပုန်းအမြဲရှိတယ်၊ မြို့အထွက်ဆိုတော့လေ။ ပရဟိတကားက နာမည် လည်းပါ၊ မီးတန်းလည်းပါတယ်၊ အဲဒါကို ပစ်တာ။ ဆရာတော်က ကားရှေ့ခန်းကထိုင်တယ်။ နောက်မှာက လူနာရှင် မိသားစုနှစ်ဦးနဲ့ ပရဟိတအသင်းဝင် သုံးဦးပါတယ်။ မတားပါဘူး ဒီတိုင်းကိုပစ်တာပါ။‌ ပစ်တာ တော့ဆက်တိုက်ပဲ၊ ဘယ်နှစ်ချက်ဆိုတာမသိဘူး။ အရင်ကလည်း ဆရာတော်က ညရေးညတာဆို အခုလို ပဲ လိုက်ပို့တယ်” ဟုဒေသခံတဦးကပြောသည်။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဆရာတော်၏ရုပ်ကလာပ်ကို မြင်းခြံမြို့နယ်လူမှုကူညီရေးအသင်းမှ သယ် ဆောင်ရန် ကြိုးစားခဲ့သော်လည်း စစ်ကောင်စီတပ်က တားမြစ်ပိတ်ပင်ထားသည့်အတွက် သယ်ဆောင် နိုင်ခြင်းမရှိကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က ဆရာတော်ဦးဥတ္တမ၏ရုပ်ကလာပ်ကို မြင်းခြံမြို့ပေါ်တွင် ဆေးစစ်ချက် များရယူနေပြီး တပည့်သာဝကများက ကျောင်းတိုက်သို့ ပြန်လည်ပင့်ဆောင့်ရန် ကြိုးစားနေကြောင်း သိရသည်။

အဆိုပါပစ်ခတ်မှုကို မြင်းခြံအခြေစိုက် Myingyan Black Tiger (MBT)အဖွဲ့က လုပ်ဆောင်သည်ဟု စစ်ကောင်စီ လော်ဘီတယ်လီဂရမ်များတွင် ရေသားဖော်ပြထားသည်။

“မြင်းခြံ ဆခမဆရာတော် ဦးဥတ္တမ လူနာလာပို့တဲ့ကိစ္စမှာ စစ်တပ်ကပစ်သတ်ခြင်းဖြစ်ပါတယ်။ ကျနော် တို့ Myingyan Black Tiger အဖွဲ့နဲ့လုံးဝ(လုံးဝ)မသက်ဆိုင်ပါဘူး။ ကျနော်တို့က မြင်းခြံနဲ့ နီးနီးကပ်ကပ်မှာ ရှိမနေသလို ဒီရက်ပိုင်းမှာလည်း စစ်ရေးလှုပ်ရှားမှုမရှိခဲ့ပါဘူး” ဟု မြင်းခြံအခြေစိုက် Myingyan Black Tiger (MBT)ခေါင်းဆောင် ဗိုလ်မိုက်ခဲကပြောသည်။

လူနာလာပို့သည့် ဆရာတော်ကားကို MBT တပ်ဖွဲ့ကပစ်ခတ်သည်ဟု စွပ်စွဲရေးသားသူများကို လိုက်လံစုံ စမ်းပြီး အရေးယူသွားမည်ဟု ဗိုလ်မိုက်ခဲကဆိုသည်။

“ဘုန်းကြီးကားကို MBT တပ်ဖွဲ့က ပစ်ခတ်ခြင်းမရှိသလို တပ်ဖွဲ့စစ်ရေးလှုပ်ရှားရာနေရာလည်း မဟုတ်တဲ့ အတွက် စွပ်စွဲသူအားလုံးကို လိုက်လံစုံစမ်းပြီး အရေးယူသွားမှာဖြစ်ပါတယ်။ ဖြစ်စဉ်ကို MBT က စုံစမ်းခဲ့ တယ်။ အခင်းဖြစ်ပွားရာနေ့ရက်မှာ မည်သည့်မဟာမိတ်တပ်ဖွဲ့ကမှ စစ်ရေးလှုပ်ရှားတာမရှိဘူး။ ကျနော် တို့ MBT ကလည်း အခင်းဖြစ်နေရာမှာ တပ်စွဲခြင်း၊ စစ်ရေးလှုပ်ရှားခြင်းမရှိသလို ဆက်လက်စုံစမ်းရာမှာ အခင်းဖြစ်နေရာမှာ စစ်ကောင်စီတပ်ကင်းပုန်းတွေသာရှိနေပြီး စစ်ကောင်စီတပ်က ကျူးလွန်ခဲ့တာလို့ စုံစမ်းသိရှိရပါတယ်။ ရှေ့မှာသာဓကရှိခဲ့ပြီးတဲ့ ငါန်းဇွန်နယ်မှာ ဝင်းနိမ္မိတာရုံ ဆရာတော်ကြီးကိုလည်း စစ်ကောင်စီတပ်ကပစ်သတ်တာကို PDF ကပစ်တယ်ဆိုပြီး ပြည်သူ့ကို လိမ်ညာခဲ့သေးတဲ့သာဓကရှိခဲ့ပြီး မငြင်းနိုင်တဲ့အဆုံးမှာတော့ စစ်တပ်ဘက်က သူတို့မှားပစ်ခဲ့တာကို ဝန်ခံခဲ့ရပါသေးတယ်” ဟု ဗိုလ်မိုက်ခဲ ကပြောသည်။

စာတည်း။ ။စောဖေ