AA ထံ ကုန်ပစ္စည်းမရောက်ရန် မြန်မာပြည်တွင်းသို့ ကုန်တင်သွင်းမှု မီဇိုရမ် လူငယ် အဖွဲ့ပိတ်ပင်

ပုံအညွှန်း - ကုန်ပစ္စည်းမတင်ပို့ရေးစောင့်ကြပ်နေသည့် လူငယ်အသင်းအဖွဲ့ဝင်များ

ပုံအညွှန်း – ကုန်ပစ္စည်းမတင်ပို့ရေးစောင့်ကြပ်နေသည့် လူငယ်အသင်းအဖွဲ့ဝင်များ

ပါခွီး

(မဇ္ဈိမ) ။ ။ အာရက္ခတပ်တော်(AA)ထံ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်တောင်ပိုင်း မှ ကုန်ပစ္စည်းများမရောက်ရန် မြန်မာနိုင်ငံသို့ကုန်ပစ္စည်းသယ်ယူတင်ပို့မှုကို ပိတ်ပင်လိုက်ကြောင်း လိုင်လူငယ် အသင်း(ဗဟို) – Central Young Lai Association (CYLA) က ဇွန်လ ၂၄ရက် ယမန်နေ့တွင်ထုတ်ပြန်သည်။

ချင်းညီနောင်တပ်ဖွဲ့ ၊ AA တို့ ပူးပေါင်းအဖွဲ့နှင့် ချင်းအမျိုးသား တပ်တော်(CNA) တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ထို့သို့ ပိတ်ပင်ခြင်းဖြစ်ကြောင်း သိရသည်။

အခြေခံစားသောက်ကုန်များနှင့် စက်သုံးဆီများ တင်သွင်းနေမှုသည် မြန်မာနိုင်ငံမှ အခက်အခဲတွေကြုံနေရသော ဒေသခံများအတွက်ဟု မှတ်ယူထားသော်လည်း ချင်းညီအကိုများနှင့် တိုက်ခိုက်ရာတွင်အသုံးပြုရုံမျှမက အင်အားခိုင်မာလာစေရေးအတွက် အသုံးပြုနေကြောင်း CYLA က ဆိုသည်။

အာရက္ခတပ်တော်ထံ ချင်းနှင့် စစ်မဖြစ်ရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သော် လည်း အကြောင်းတစ်စုံတစ်ရာပြန်ကြားမှုမရှိသည့်အပြင် ၎င်းတို့၏ နယ်နမိတ်အတွင်း လက်နက်ကိုင်ဆောင်ဝင်ရောက်ခဲ့မှုရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ယင်းအခြေအနေများကြောင့် မီဇိုရမ်မှ မြန်မာပြည်ဘက်သို့ ဇွန်လ ၂၄ရက်နေ့မှစ၍ နောက်ထပ် ထုတ်ပြန် အသိပေးမှု မရှိမချင်း ကုန်ပစ္စည်းများတင်သွင်းမှုကို CYLA က ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

“လူငယ်အဖွဲ့တွေက နေ့ညကင်းစောင့်နေကြတယ် ။ အခုထိတော့ ကုန်ပစ္စည်း သွားတာတွေမရှိတော့ဘူး” ဟု လောင်တလိုင်မြို့ရှိ မြန်မာနိုင်ငံသားတဦးက မဇ္ဈိမ ကိုပြောသည်။

ထိုသို့ပိတ်ပင်မှူကြောင့် စစ်ဘေးရှောင်ပြည်သူများ သွားလာရေး ၊ အခြေခံစားသောက်ကုန်သယ်မှု အခက်အခဲများ တွေ့ကြုံနိုင်ပြီး ဆန် ၊ ဆီ ၊ ဆား အစရှိကုန်ပစ္စည်းများ ဈေးတက်လာနိုင်မည် ဟု စစ်ရှောင်တဦးက ဆိုသည်။

ထိုကိစ္စနှင့် သဘောထားမှတ်ချက်ရယူနိုင်ရန် မဇ္ဈိမက AA တာဝန်ရှိသူထံ ဆက်သွယ်နေသော်လည်း လက်ရှိအချိန်အထိ အဆက်အသွယ်မရသေးပေ။

မီဇိုရမ်ပြည်သူ များနှင့် လောင်တလိုင် ၊ ရှာဟာခရိုင်နယ်စပ်ဒေသရှိ ပြည်သူများအနေဖြင့် ကုန်တင်သွင်းမှု ပိတ်ပင်သည့် ထုတ်ပြန်စာကို လေးစားလိုက်နာကြရန် CYLA က အသိပေးထားသည်။

ပလက်ဝမြို့နယ်အတွင်း စစ်ကောင်စီနှင့် အာရက္ခတပ်တော်အကြားတိုက်ပွဲများ ကြောင့် ကုန်သည်နှင့် ယာဥ်မောင်းများ၏ အသက်အန္တရာယ်စိုးရိမ်ရသည်ဟု ဆိုကာ မေလ ၂၅ရက်နေ့တွင် ကုန်ပစ္စည်းပို့ဆောင်မှု ပိတ်ပင်ခဲ့သေးသည်။

ယင်းနောက် အာရက္ခတပ်တော်နှင့် CYLA တို့အကြား တွေ့ဆုံဆွေးနွေးပြီးနောက် ကုန်ပစ္စည်းတင်သွင်းမှုကို ဇွန်လ ၁၁ရက်နေ့တွင်ပြန်လည်ဖွင့်ပေးခဲ့ပြီးနောက် ယခု တဖန်ပိတ်ပင်ခြင်းဖြစ်သည်။

ကုန်တင်သွင်းမှု ပိတ်ပင်ပြီးနောက် နယ်စပ်များတွင် လူငယ်အသင်းမှ အဖွဲ့ဝင်များ ယမန်နေ့ညမှစတင်၍ တာဝန်ယူစောင့်ကြပ်လျက်ရှိနေကြောင်း ဒေသတွင်း သတင်း မီဒီယာများတွင်ဖော်ပြထားသည်။

လိုင်လူငယ်အသင်း (CYLA) သည် မီဇိုရမ်ပြည်နယ်တောင်ပိုင်း လောင်တလိုင် ခရိုင်တွင် အဖွဲ့ဝင်ဦးရေများပြားသော လူမှုရေးအသင်းဖြစ်ပြီး အမျိုးသားရေး ကိစ္စများတွင် ဩဇာကြီးမားသော အဖွဲ့အစည်းတခုဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ ခလရ (၁၄၀ )တပ်ရင်းကို မည်သည့်အဖွဲ့က တိုက်ခိုက်သိမ်းပိုက်မည်ဆိုသည့် အချက်နှင့်ပတ်သက်၍ ချင်းအမျိုးသားတပ်မ တော်(CNA) ဦးဆောင်သောတပ်များနှင့် ချင်းညီနောင် ၊ AA ပူပေါင်းတပ်ဖွဲ့ များအကြား အငြင်းပွားရာမှ သဘောထားကွဲလွဲကာ ဇွန်လ ၁၈ရက်နေ့မှစတင်၍ ယင်းအဖွဲ့များအကြား တိုက်ပွဲများဖြစ် ပွားနေခြင်း ဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး