နတ်သံကွင်းတိုက်ပွဲ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ကလေး၄ ဦးအပါအဝင် အရပ်သား ၅ ဦးသေဆုံး

ပုံအညွှန်း- စစ်ကောင်စီ​၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် ကလေးငယ်တဦး/ (ဓါတ်ပုံ- CJ)

YT

မဇ္ဈိမ။ ။တိုက်ပွဲပြင်းထန်နေသည့် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့တွင် စစ်ကောင်စီတပ်​၏ လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်လေးဦးနှင့်အရပ်သားတဦး သေဆုံးသွားကြောင်း ဒေသခံများထံမှသိရသည်။

ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းမှစ၍ နတ်သံကွင်းရဲစခန်းအပါအဝင် မြို့တဝိုက်ရှိ စစ်ကောင်စီတပ်စခန်းများအား KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သည်။ မြေပြင်၌ တိုက်ပွဲများ ပြင်းထန်နေစဉ် နတ်သံကွင်းမြို့၊တံခွန်တိုင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုနှင့်ပတ်သက်၍ အထက်ပါမြေပြင်စစ်ရေးသတင်းရင်းမြစ်က ” ကလေး လေးယောက်နဲ့ လူကြီးတယောက်။ ကျားလား၊မလားတော့ သေချာမခွဲနိုင်ကြသေးဘူး။ကျွန်တော်တို့လည်း မြေပြင်မှာပဲ။ ဘာမှမပြောနိုင်သေးဘူး” ဟု ဆိုသည်။

ယနေ့ တိုက်ပွဲကြောင့် နတ်သံကွင်းမြို့ပေါ်နှင့် အနီးတဝိုက် ကျေးရွာများမှ နေအိမ်အချို့ ပျက်စီးခဲ့ပြီးဒေသခံများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။ စစ်ဘေးရှောင်အရေအတွက်ကိုမသိရှိရသေးပေ။

နတ်သံကွင်းမြို့တွင် ယနေ့ည‌နေအထိ တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်၌ ထိခိုက်သေဆုံးမှုများသလို ပူးပေါင်းတပ်ဖွဲ့ဘက်တွင်လည်း ရဲဘော်နှစ်ဦး ကျဆုံးကာ ဒဏ်ရာရသူအချို့ရှိကြောင်းသိရသည်။

လက်ရှိတွင် နတ်သံကွင်းမြို့အား တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့များက ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

နတ်သံကွင်းမြို့တိုက်ပွဲနှင့်ပတ်သက်၍ စစ်ကောင်စီကသတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။
စစ်ကောင်စီလက်အောက်ခံ တယ်လီဂရန်ချန်နယ်များ၌မူ နတ်သံကွင်းမြို့မှ စစ်စခန်းများ ယနေ့ နံနက် ၅နာရီမှစတင်၍ တိုက်ခိုက်ခံရပြီး နေ့လယ်အထိ တိုက်ပွဲပြင်းထန်နေဆဲဟု ရေးသားဖော်ပြနေကြသည်။

စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းရှိ နတ်သံကွင်းမြို့သည် ကျောက်ကြီးမြို့နယ်နှင့်ပဲနွယ်ကုန်းမြို့အကြား၌ တည်ရှိသည်။ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက်နေ့က နတ်သံကွင်းမြို့ရှိ ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စခန်းအချို့အား တော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့သေးသည်။ ဇွန်လ ၆ ရက်နေ့ကလည်း နတ်သံကွင်းမြို့မရဲစခန်းအပါအဝင် စစ်ကောင်စီတပ်​၏ ပစ်မှတ်နေရာငါးခုကို KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များက တပြိုင်နက် စီးနင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်​၏ စစ်ရေးအတွက် အဓိကအသုံးပြုနေသည့် စစ်တောင်းတံတား (နတ်သံကွင်း)၊ နတ်ရွာတံတားနှင့် သာစည်တံတားတို့ကိုကို ဖျက်ဆီးခဲ့သည်။ ထိုတိုက်ပွဲ၌ စစ်ကောင်စီဘက်မှ သုံးဆယ်ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းနိုင်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများကသတင်းထုတ်ပြန်ခဲ့သည်။ ယနေ့တိုက်ပွဲနှင့်ပတ်သက်၍ တော်လှန်ရေးအင်အားစုများကသတင်းမထုတ်ပြန်သေးပေ။

စာတည်း – အေးချမ်း