ဒေသခံများ၏ စပါးခိုးရိတ်နေသည့် ပျူစောထီးများ၏ အထိုင်စခန်းကို ဒရုန်းဖြင့် ၂ရက်ဆက် တိုက်ခိုက်

ပါခွီး

(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ်အတွင်း ဒေသခံများစိုက်ထားသည့် စပါးများကို ပျူစောထီးအဖွဲ့ဝင်များက ခိုးရိတ်နေသောကြောင့် ၎င်းတို့၏ အထိုင် စခန်းကို နှစ်ရက်ဆက်၍ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုသား ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ဇူလိုင်လ ၁ရက်နေ့တွင်ထုတ်ပြန်သည်။

ရွှေဘိုမြို့နယ် ၊ သီလုံးကျေးရွာတွင် ပျူစောထီးအထိုင်ချထားသည့် နေရာကို ဇွန်လ ၃၀ရက် ည ၇နာရီ ၃၄မိနစ် အချိန်နှင့် ၈နာရီ မိနစ်၂၀ အချိန်တို့တွင်လည်းကောင်း၊ ဇူလိုင်လ ၁ရက် နံနက် ၇နာရီ ၂၁မိနစ် တွင်လည်းကောင်း စုစုပေါင်း ဗုံးသီး ခြောက်လုံးချ၍ တိုက်ခိုက် ခဲ့ခြင်း ဖြစ်သည်။

“သူတို့ ပျူရွာတွေဆီမှာ မနေချင်လို့ အပြင်ထွက်ရှောင်ရင်း နွေစပါးစိုက်ထားတဲ့ လယ်ယာတွေကို ရိတ်နေတာကိုလာတိုင်တဲ့အတွက် နောက်မလုပ်အောင်တိုက်ခိုက်ခဲ့တာပါ” ဟု ရွှေဘိုသား ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မဇ္စျိမ ကိုပြော သည်။

ပျူစောထီးများအထိုင်ချထားသောကြောင့် သီလုံးနှင့် ပန်းရံ ကျေးရွာများတွင် နေထိုင်လိုခြင်းမရှိသည့် ဒေသခံများသည် စစ်ဘေးရှောင်တိမ်းရင်း စိုက်ထားသည့် လယ်မြေများကို ပျူစောထီးများက ရိတ်သိမ်းနေသောကြောင့် မဖြစ်မနေ တိုက်ခိုက် ခဲ့ခြင်းဖြစ်သည် ဟုဆိုသည်။

တိုက်ခိုက်မှုအတွင်း ပျူစောထီးများသေဆုံးဒဏ်ရာရရှိမှုကို စုံစမ်းလျက်ရှိပြီး ၎င်းတို့မှ လက်နက်ငယ်များဖြင့် ပြန်လှန်ပစ်ခတ်မှုတွင် ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိဆုတ်ခွားနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Shwebo Crocodile ၊ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ၊ မဟာမိတ်ဖြစ်သော M.S.N M.SAI NAW ပြောက်ကျားအဖွဲ့ ၊ Ayadaw Rocket (LPDF ၊ ရှင်းရှင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ဇာမဏီဒေါင်း(ဒပယ)၊ ဗိုလ်လင်းရောင်(ဒပယ) ၊ ရွှေဘိုအားမာန် (UG) ၊Shwebo Federal Army ၊ Bo Ba Taw (LPDF) ၊ HG FIGHTRs(LPDF) ၊ ဒေါင်းစစ်သည် အဖွဲ့ ၊ဂျိုကာပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊EYE FOR EYE ၊ရွှေဘိုသားပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ စွန်ရဲရွှေဘို(LPDF) ၊Zay Yar Thawed ၊ Yaung NI ၊ flying Dragon Force ၊ သူရိန် အဖွဲ့ ၊ Hinthar People Defence Force အဖွဲ့များပူးပေါင်းခဲ့ခြင်းဖြစ်
ကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး