ပဲပဒုံ စစ်ဆေးရေးဂိတ်တွင် ဆက်​ကြေး​​ကောက်သည့်ကိစ္စ​ပေါက်ကြား၍ ကုန်သည်များအား ကုန်စည်တင်သွင်းခွင့် ၁ လပိတ်

အမ်းမြို့အဝင် ပဲပဒုံစစ်​​ဆေး​ရေးဂိတ်(ဓါတ်ပုံ-CJ)

ဓါတု

(မဇ္ဈိမ)။ ။ မင်းဘူး-အမ်းအဝင် ပဲပဒုံစစ်​ဆေး​ရေးဂိတ်တွင် ဆက်​ကြေး​ကောက်သည့်ကိစ္စ သတင်းပေါက်ကြား၍ဟုဆိုကာ အမ်းမြို့နယ်အုပ်ချုပ်ရေးမှူးက ကုန်သည်များအား ကုန်စည်တင်သွင်းခွင့် တလ ပိတ်ခဲ့ကြောင်း ထွေအုပ်ရုံးဝန်ထမ်းတဦးက ဆိုသည်။

မကွေးတိုင်းမှ ရခိုင်ပြည်နယ် အမ်းမြို့သို့အဝင် ပဲပဒုံပူး​ပေါင်းစစ်ဆေးရေးဂိတ်တွင် တာဝန်ကျသည့် အမ်းမြို့မရဲစခန်းမှ ရဲအုပ်ဇာနည်ထွန််းက ကုန်သည်နှင့်ယာဥ်​မောင်းများထံမှ KBZ Pay အကောင့်ဖြင့် ငွေကျပ် သိန်းနှင့်ချီတောင်းခံသည်ဟု မဇ္ဈိမက သတင်းဖော်ပြခဲ့ခြင်းဖြစ်သသည်။

အမ်းမြို့နယ်အုပ်ချုပ်​ရေးမှူး ဦးစိုးမင်းထက်က ယမန်​နေ့ (ဇူလိုင်လ ၁ရက်​နေ့ ​)နေ့လယ် ၁ နာရီတွင် ကုန်သည်များအားတွေ့ဆုံပြီး​နောက် ယင်းကဲ့သို့​ငွေ​ကြေး​တောင်းခံမှုမှာမဟုတ်​မှန်ကြောင်း အတင်းကြပ်ဖိအား​ပေးလက်မှတ်​ရေးထိုးခိုင်း​ခဲ့သည်ဟုလည်း သိရသည်။

“သူတို့တွေ ( ​မြို့နယ်အုပ်ချုပ်​ရေးမှူး၊ ရဲအုပ်ဇာနည်ထွန်း) တို့ Kpay နဲ့ ငွေတောင်းခဲ့တာရှိပါတယ် ။ဟုတ် ၊ မဟုတ်သူတို့ ဖုန်းနံပါတ် နဲ့ ဖွင့်ထားတဲ့ Kpay နံပါတ်ကို စစ်ကြည့်ရင်သိနိုင်ပါတယ် ။ ဟို​နေ့က မဇ္စျိမသသတင်းမှာ ပါလာတော့ သတင်းဌာနထဲမှာပါသလို Kpay နဲ့လွှဲတာမဟုတ်ဘူး၊ သတင်းဌာနကမမှန်မကန်​ရေးသား​ဖော်ပြတာ​ပေါ့ ငွေတောင်းခံခြင်းမရှိပါဘူး ဆိုပြီးလက်မှတ်ရေးထိုးခိုင်းတယ် အထက်ကို report(အစီရင်ခံစာ) တင်ဖို့​ပေါ့။ ပြီးတော့ လူသုံးကုန် နဲ့ စားကုန်တင်သွင်းခွင့်တလပိတ်တယ် ဆိုပြီး ပြောတယ်။သူတို့ ထွေအုပ်ကပဲစားကုန်တွေ တင်သွင်းပြီး ရပ်ကွက်ထဲပြန်ဖြန့်မယ်ပေါ့”ဟု၎င်းက​ ပြောသည်။

အဆိုပါ ပဲပဒုံစစ်​​ဆေး​ရေးဂိတ်တွင် ပြီးခဲ့သည့် ဧပြီလကထွက်​ပြေးသွားသည့် ဗိုလ်မှူးထင်လင်းမော်နေရာတွင် ရဲအုပ်ဇာနည်ထွန်းကတာဝန်ကျပြီး​နောက် အထက်ကမသိ​စေရန် ၎င်း၏ KBZ pay နံပါတ်အား ကုန်သည်နှင့်ကုန်တင်ယာဥ်​မောင်းများထံကြိုပေးထား၍​ ဆက်​ကြေးသွင်းရန် ငွေကြိုလွှဲခိုင်း​ခဲ့ခြင်းဖြစ်ကြောင်း ကုန်သည်များက မဇ္ဈိမကို ပြောကြားထားသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးစိုးမင်းထက် နှင့် ရဲအုပ်ဇာနည်ထွန်းတို့ကို အထက်က စုံစမ်းစစ်ဆေးခြင်း မပြုလုပ်သည့်အ​ကြောင်းရင်းမှာ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး တို့မှကာကွယ်ပေးနေခြင်းဖြစ်​ကြောင်းရဲနှင့်နီးစပ်သူတဦး၏အဆိုအရသိရသည်။

သို့​သော် ယင်းဂိတ်တွင်ဆက်​ကြေး​တောင်းခဲ့သည့် ရဲအုပ်ဇာနည်ထွန်းကိုမူ ယ​နေ့ဇူလိုင်လ ၂ရက်တွင် တာဝန်ကျသည့်​နေရာမှဖယ်ရှားပြီး​နောက် ၎င်း၏​နေရာတွင် ဒုရဲအုပ် စိုးပိုင်​ရောက်ရှိလာ​ကြောင်း၎င်းကဆိုသည်။

ယခုအခါ ကုန်စည်တင်သွင်းခွင့် တလပိတ်မည်ဖြစ်ပြီး မင်းဘူးမြို့မှ အမ်းမြို့သို့ ဆန်၊ဆီ၊ဆား၊ငရုတ်၊ကြက်သွန်စသည့် အ​ခြေခံစား​သောက်ကုန်များအား အ​ထွေ​ထွေအုပ်ချုပ်​ရေးမှူးကကြီးကြပ်ကာ ကိုယ်တိုင်တင်သွင်းမည်ဖြစ်​ကြောင်းသိရသည်။

၎င်းကဦး​ဆောင်စီမံ၍ ရပ်ကွက်အလိုက်အုပ်ချုပ်​ရေးမှူးများနှင့်ပူးပေါင်းဖြန့်​ဝေ​ရောင်းချမည်ဖြစ်သည်။ အိမ်​ထောင်စုအလိုက် ဖြန့်​ဝေ​ရောင်းချမည်ဖြစ်​​သော​ကြောင့် အရပ်သားပြည်သူ​များက သက်ဆိုင်ရာရပ်ကွက်ရုံးများတွင် တန်းစီဝယ်ရမည်ဖြစ်​သည်။

ယင်းကဲ့သို့​ရောင်းချပါက မြို့ခံပြည်သူများ​စျေးအဆမတန်ဝယ်ယူ​ရနိုင်ချေရှိသော်ကြောင့် အခက်ကြုံလာရနိုင်သည်ဟု အမ်းမြို့​ဒေသခံတဦးက​ဆိုသည်။

” စာရင်းထဲကတဝက်ပဲဖြန့်ပြီး ကျန်တဝက်ကို သူတို့နဲ့နီးစပ်တဲ့ကုန်သည်​တွေကို​ရောင်းမယ်။ ထွေအုပ်ကလုပ်ပိုင်ခွင့် ပိုရသွားတာ​ပေါ့။ လာထုတ်တာအ​ယောက် အိတ် ၁၀၀ ဆို အထက်ကိုပြဖို့ စာရင်းမှာ ၁၅၀ ပြပြီး ကျန် ၅၀ ကိုနီးစပ်တဲ့သူ​​တွေကို​ မှောင်ခိုပြန်​ရောင်းမယ်​ပေါ့။ ရပ်ကွက်ရုံး​တွေမှာသွားဝယ်ရင် အ​လေးချိန်လည်းမပြည့်ဘူး။ အပြင်ဆိုင်​တွေမှာဆိုရင်လည်း စျေး သုံးဆ နဲ့ဝယ်ရ​နေ​တော့ ပြည်သူ​တွေ​စျေးအဆမတန်ဝယ်ရတဲ့သ​ဘော အရင်ကလည်း ကြုံခဲ့ဖူးတယ်”ဟု၎င်းကပြောသည်။

မင်းဘူးမြို့တွင် ကြက်သွန်နီတပိသာ​ ကျပ် ၂၅,၀၀ သာ ​ပေါက်​စျေးရှိသော်လည်း အမ်း​မြို့တွင် ကုန်သည်များက တပိသာ ကျပ် ၆၀,၀၀ ဖြင့်ရောင်းချကြောင်း ဒေသခံများကဆိုသည်။

” ကုန်ကား နဲ့ အစီး ၃၀ လောက် ဝင်ပြီးရင်စာရင်း ဇယား ပြပြပြီး သူတို့ ( မြို့နယ်ထွေအုပ်) နဲ့ နီးစပ်တဲ့ ဆိုင်တွေကိုစားကုန်တွေ ပြန်ပြန်ရောက်သွားကြပါတယ်။အဲဒီဆိုင်တွေဆီက ပြည်သူတွေက စျေးကြီးပေးဝယ်ရပြန်ပါတယ်။ ​မှောင်ခိုမှာသတ်မှတ်စျေးနှုန်းထက် ပိုရောင်းချကြောင်းတိုင်တန်းလည်းထွေအုပ်က အရေးယူတာမရှိဘူးလေ။ ဒီခေတ်မှာ အဲဒီလိုပဲပေါင်းစားနေကြတာပါ။ကျွန်တော်တို့မှာဆက်​ကြေးငွေလည်းပေးရသေးတယ်။ငွေမပေးရပါဘူး ဆိုပြီး လက်မှတ်လည်းထိုးရသေးတယ်။အဲဒါကြောင့် အမ်းမြို့ပေါ်မှာ တချို့ကုန်သည်တွေ ဆိုင်တွေ ပိတ်ထားကြတာ။သူတို့နဲ့စကားအပိုမပြောချင်လို့ပေါ့”အမ်းမြို့ကုန်သည်တဦးကမဇ္စျိမကို​ပြောသည်။

အမ်းမြို့ရှိ ဒုတိုင်းမှူးနှင့် အမ်းခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက် တို့သည် (စစ်တက္ကသိုလ် အပတ်စဥ်-၄၂ )မှဖြစ်ကြပြီး မိတ်​ဆွေအရင်းချာများဖြစ်သည်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်မှာ ခရိုင်အုပ်ချုပ်ရေးမှူး အားကိုးဖြင့်ငွေကြေးများတောင်းခံ ခြင်း၊ စား​သောက်ကုန်များကို ထွေအုပ်မှ ပြည်သူများဆီ ဖြန့်ဖြူးသယောင်အသွင်ယူပြီး ဆိုင်များသို့ပြန်လည်သွင်းခြင်းများ ပြုလုပ်ပြီး ကြား​​ပေါက်ဝင်​ငွေရှာနေသူဖြစ်​ကြောင်း တပ်တွင်းနီးစပ်သည့်သတင်းရင်းမြစ်ထံကသိရသည်။

ပဲပဒုံစစ်​ဆေး​ရေးဂိတ််သည် မင်းဘူးမြို့မှအမ်းမြို့သို့ ကုန်စည်အဓိက စီးဆင်းရာလမ်း​ကြောင်းဖြစ်​သော အမ်း-ပဒါန်းလမ်းတွင်တည်ရှိရာ လူသုံးကုန်ပစ္စည်းများအပါဝင် စား​သောက်ကုန်ပစ္စည်းများဖြစ်​သော ဆန်၊စားဆီ ၊အချို မှုန့် ၊သီဟို​ဠ်စေ့၊ဖက်ကြမ်း၊ဆေးလိပ်စသည့်ပစ္စည်းပို့​ဆောင်ခြင်းဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး