မြစ်ကြီးနားမြို့မှာ မြစ်ရေ ပြန်ကျ၊ ဗန်းမော်မှာ စိုးရိမ်ရေအမှတ်နား ကပ်လာ

မဇ္ဈိမ

ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့မှာ စိုးရိမ်ရေအမှတ်ထက် ခြောက်ပေခွဲအထက်ကို မြင့်တက်ခဲ့ပြီး၊ ဒီနေ့ (ဇူလိုင်လ ၂ ရက်) မှာတော့ ရေပြန်လည်ကျဆင်းနေပြီလို့ မြို့ခံတွေက ပြောပါတယ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ စိုးရိမ်ရေအမှတ်ရဲ့ ၁,၂၀၀ စင်တီမီတာ အထက် ၁,၄၀၆ စင်တီမီတာအထိ မြင့်တက်ခဲ့တာလို့ ပြည်နယ်မိုးဇလရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

မနက် ၆ နာရီကျော်လောက်ကစပြီး ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့မှာ တဖြည်းဖြည်းပြန်လည်ကျဆင်းလာနေခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

မြစ်ကြီးနားအောက် ဗန်းမော်မြို့မှာတော့ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်နား နီးကပ်လာတဲ့အတွက် ဒေသခံ ၁,၀၀၀ နီးပါးကို လက်တလောမှာ ရေဘေးလွတ်နိုင်တဲ့နေရာတွေဘက် စတင်ရွှေ့ပြောင်းနေပြီဖြစ်တယ်လို့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။

လက်ရှိ ဗန်းမော်မြို့ရဲ့ ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေမှတ်အောက် တပေခန့်ရောက်ရှိနေပြီး နောက်ထပ် ခြောက်နာရီအတွင်း စိုးရိမ်ရေအမှတ်အထက် ကျော်လွန်ရောက်ရှိနိုင်တယ်လို့ မိုး/ဇလက ဒီကနေ့ နေ့လယ် ၂ နာရီခွဲမှာ ထုတ်ပြန်ထားပါတယ်။