ချောင်းဦးမြို့မ ရဲစခန်း ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံရ

MTO

(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့လယ်ခေါင်ရှိ မြို့မရဲစခန်းကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ဒရုန်းများဖြင့် ဗုံးသီးချ တိုက်ခိုက်မှု ဧပြီလ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။

ထိုမြို့မ ရဲစခန်းသည် ယမန်နေ့ နံနက် ၁၀ နာရီကျော်အချိန်တွင် လက်လုပ်ဒရုန်းငယ် သုံးစီးနှင့် ဗုံးသီး ၁၁ ချ တိုက်ခိုက်ခံံခဲ့ရခြင်းဖြစ်ပြီး စခန်းအချုပ်ခန်းကလွဲရင် ကျန်နေရာများကို အဓိကပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောသည်။

“နေရာကတော့ သူတို့ ရှိနေနိုင်မယ်ထင်နေရာတွေ အကုန်ပါပဲ၊ အချုပ်ခန်းနဲ့ လွတ်ရင်ပြီးရော၊ ကျန်တဲ့နေရာအကုန် အဆင်ပြေသလို ချခဲ့တာပါ” ဟု မုံရွာခရိုင် အမှတ် (၁၂) တပ်ရင်း၊ တပ်ခွဲ (၃) လျှပ်စီးတပ်ခွဲ၏ တာဝန်ရှိသူ စီအေက မဇ္ဈိမကို ပြောသည်။

အချုပ်ခန်းကို ချန်လှပ်တိုက်ခိုက်ရခြင်းမှာ “အချုပ်ခန်းထဲမှာ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံထားရတဲ့ ကျနော်တို့ ပြည်သူတွေ ရှိနေနိုင်လို့ပါ” ဟု ၎င်းက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုတွင် ရဲလေးဦး သေဆုံးသွားကြောင်း လျှပ်စီးတပ်ခွဲ့က ယနေ့ (ဧပြီလ ၁၈ ရက်) နေ့တွင် ထုတ်ပြန်ထားပြီး မဇ္ဈိမအနေဖြင့် သီးခြားအတည် မပြုနိုင်ပါ။

တိုက်ခိုက်နေချိန်အတွင်း စခန်းအတွင်းမှလည်း လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ရာ ဒေသကာကွယ်ရေးတပ်ဖွဲ့၏ တိုက်ခိုက်ရေးဒရုန်းတစီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ယခုတိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း (၁၂) တပ်ခွဲ (၃) လျှပ်စီးတပ်ခွဲနှင့်အတူ ရန်ရှင်းဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ မုံရွာခရိုင် အမှတ် (၈) တပ်ရင်း ၊ မီးတောက်တပ်ခွဲ (မုံရွာခရိုင် အမှတ်- ၁၂ တပ်ရင်း ၊ တပ်ခွဲ -၄ တို့)က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၉ ရက်နေ့ကလည်း ချောင်ဦးမြို့ နယ် သစ်တောဦးစီးဌာနရုံးနှင့် လ၀က ရုံးများတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ ဝင်များ ဒရုန်းဖြင့်တိုက်ခိုက်ခံခဲ့ရပြီး သေဆုံးမှုရှိခဲ့ကြောင်း လျှပ်စီးတပ်ခွဲက ထုတ်ပြန်ထားသည်။

စာတည်း။ ။ နောင်နောင်