နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၂ ဇူလိုင် ၂၀၂၄)

နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၂ ဇူလိုင် ၂၀၂၄)

အမျိုးသား ညီညွတ်ရေးအစိုးရ
• မန္တလေးတိုင်း၊ မတ္တရာ မြို့နယ်အတွင်းရှိ လေကြောင်းရန်ကာကွယ်ရေးတပ်၊ ဆည်တော်၊ ပန်းသလဲတောင်၊ ရေစိုတောင် အပါအဝင် တပ်စခန်း ၈ ခုကို သိမ်း ပိုက်ရရှိပြီး စစ်တပ်ဘက်မှ လက်နက်ချ အညံ့ခံသူ ၆၇ ဦးနှင့် မိသားစုဝင် ၁၁၇ ဦးကို ထိန်းသိမ်းထားကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်မတော်( မန္တလေး)က သတင်းထုတ်ပြန်သည်။
• ဩစေတြးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့သို့ ရောက်ရှိနေသော အမျိုးသားညီညွတ်ရေးအစိုးရ- NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်သည် တိုင်းရင်းသားအဖွဲ့တချို့၏ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြောင်း NUG က သတင်းထုတ်ပြန်သည်။
• စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ ဆေးရုံကြီးတွင်တပ်စွဲထားသည့် အမှတ်(၄)စစ်ဆင်ရေးကွပ်ကဲမှုဌာန ချုပ်မှ ဒုတပ်ကြပ်ကျော်စိုးသူသည် ခင်ဦးမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပ.လ.ဖ)နှင့်ချိတ်ဆက်၍ ပြည်သူ့ ရင်ခွင်ခိုလှုံကာ CDM ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
• လက်ရှိရေဘေးကြုံ နေသည့် ကချင်ပြည်နယ်တွင် ဇူလိုင်လ ၁၀ရက်အထိ ပုံမှန်ထက်မိုးများ နိုင်ကြောင်း MOHADMက ယနေ့ သတိပေးချက် ထပ်မံထုတ်ပြန်လာပြီး မြန်မာနိုင်ငံဒေသအများ စု၌ ရေကြီးရေလျှံမှုအန္တရာယ်ကို အထူးသတိပြုနေထိုင်ကြရန်တိုက်တွန်းထားသည်။
• စစ်ကိုင်းတိုင်း၊ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ မိုင်းတပ်ဖွဲ့က မိုင်းအခြေခံ သင်တန်း အပတ်စဥ် (၂၈) နှင့် အခြေခံ စစ်သင်တန်း အပတ်စဥ် (၃) တို့ကို ပူးတွဲ ပြုလုပ်ခဲ့ကြောင်း PDF Kalay- မိုင်းတပ်ဖွဲ့မှ သိရသည်။
• အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၃၅/၂၀၂၄)ကို ဇွန် ၁ ရက် မွန်းလွဲ ၃ နာရီမှာ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
• မြန်မာနိုင်ငံတွင် ကူညီရာမဲ့နေသည့် ပြည်သူများကို ကယ်တင်နိုင်ရန် R2P မူအား အသုံးချပေးရန် ကြိမ်ဖန်များစွာ တောင်းဆိုခဲ့ပြီးဖြစ်သကဲ့သို့ ယင်းသို့လုပ်ဆောင်ရမည့်အချိန်သည်လည်း ကာလ ကြာမြင့်စွာ ကျော်လွန်နေပြီဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကပြောသည်။
• ရန်ကုန်တိုင်းစစ်ဌာန၏ တပ်ရင်း ၅၁၀၂ ကိုထပ်မံဖွဲ့စည်းလိုက်ပြီး အကြမ်းဖက် စစ်ကောင်စီကို အမြစ်ဖြတ် တိုက်ခိုက်မည်ဟု ရန်ကုန်တိုင်းစစ်ဌာနက ကြေညာလိုက်သည်။
တော်လှန်ရေး လှုပ်ရှားမှုများ
• ရန်ကုန်မြို့၊ တာမွေမြို့နယ်နှင့် သာကေတမြို့နယ်တို့ရှိ ပြည်သူများက သံဃာတော်များ၏ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ကို ထောက်ခံကြောင်း သပိတ်လှုပ်ရှားမှုကို ယနေ့ ဇူလိုင်လ ၂ ရက်တွင် ပြုလုပ်ခဲ့ကြသည်။
• ယင်းမာပင်မြို့နယ်တွင် ယင်းမာပင်မြောက်ခြမ်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထု သပိတ်စစ်ကြောင်း ဦးဆောင်ကာ ဇူလိုင်လ ၂ ရက်နေ့တွင် စစ်အာဏာရှင်ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
• မန္တလေးတိုင်း ၊ သပိတ်ကျင်းမြို့နယ် တွင်းငယ်-မိုးမိတ် လမ်းပိုင်းရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ခဲ့ပြီးနောက် ထိုလမ်းပိုင်း ကို TNLA အဖွဲ့ နှင့်ပူးပေါင်း၍ အပြည့်အ၀ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်း ဇွန်လ ၃၀ ရက်နေ့ တွင် People Liberation Army အဖွဲ့ က သတင်းထုတ်ပြန်သည်။
• အင်းတော်မြို့နယ်၊ နံ့သာရွာစခန်းသိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် များအနက် တစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထပ်မံဖမ်းဆီးနိုင်ခဲ့သည်။
• မန္တလေးတိုင်း၊ မိုးကုတ် – မန္တလေးလမ်းပိုင်းတလျှောက် စဥ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်အတွင်း ကျေးရွာများအား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေ၍ ဒေသခံပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံပြည်များထံမှ သိရသည်။
• အကြမ်းဖက်စစ်တပ်အာဏာလုယူပြီးချိန်က စ၍ ယခုချိန်အထိ မြန်မာနိုင်ငံ၌ နေရပ်ရွှေ့ပြောင်း နေသူ သုံးသန်းကျော် ရှိနေပြီဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဇူလိုင်လ ၁ရက်က ထုတ်ပြန်လိုက်သည်။
• ရွှေဘိုမြို့နယ်တွင်းရှိ ကျေးရွာတစ်ရွာတွင် ကျဆုံးသွားသော ရဲဘော်ကို အမိန့်ပြန် အလေးပြု အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
တိုင်းရင်းသား လက်နက်ကိုင်များ
• ချင်းပြည်နယ်၊ မတူပီမြို့သိမ်းတိုက်ပွဲအတွင်း လေယာဥ်ပစ်စက်သေနတ် နှစ်လက်အပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းပိုက်ရရှိခဲ့ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)က ဇူလိုင်လ ၁ ရက် နေ့က ထုတ်ပြန်သည်။
• စစ်ကောင်စီက လက်နက်ကြီးများဖြင့် အရပ်သားနေထိုင်ရာနေရာများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့၍ ကျောက်မဲနှင့် သီပေါမြို့နယ်တွင် အရပ်သား သုံးဦး ထပ်မံသေဆုံးကာ ၅ဦး ဒဏ်ရာရခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီ
• ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဧရာ၀တီမြစ်ရေသည် နောက်နှစ်ရက်အတွင်း စိုးရိမ်ရေမှတ် အောက်ပြန်လည်ကျဆင်းမည်ဖြစ်ကြောင်း စစ်ကောင်စီမိုးဇလဌာနက ယနေ့(ဇူလိုင်လ ၂ ရက်) နံနက်ပိုင်း က သတင်းထုတ်ပြန်သည်။
• စစ်ကောင်စီ ဗဟိုဘဏ်ညွှန်ကြားချက်ကို ကျော်လွန်ဖောက်ဖျက်ပြီး အိမ်ရာချေးငွေထုတ်ချေးခဲ့ သည့် ပုဂ္ဂလိကဘဏ် ခုနှစ်ခုမှ တာဝန်ရှိသူများကို အရေးယူမည်ဖြစ်ပြီး အဆိုပါ ဘဏ်များအား စစ်ဆေးကြီးကြပ်ကွပ်ကဲရန် အားနည်းခဲ့သည့် ဗဟိုဘဏ်တာဝန်ရှိသူများကိုလည်း ဖော်ထုတ်အရေးယူမည်ဟု စစ်ကောင်စီက ဇူလိုင်လ ၁ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်သည်။
• ရက္ခိုင်အမျိုးသားပါတီ(ANP)၏ နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့်လျှောက်ထားခြင်းအား ငြင်းပယ်လိုက်ကြောင်း စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၁ရက် နေ့စွဲဖြင့် သတင်းထုတ်ပြန်သည်။
• စစ်ကောင်စီ၏ တောင်းဆိုမှုကြောင့် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ အတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် ထုတ်ပေးသည့် CI စင်တာများ အားလုံး ကို ဇူလိုင်လ ၇ ရက်မှစ၍ ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမား ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။
• ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ပါဆတ်ရပ်ကွက်ရှိ နေအိမ်တလုံးတွင် တရားမဝင် အွန်လိုင်းလိမ်လည်လုပ်ငန်း လုပ်နေကြသည့် တရုတ်နိုင်ငံသား အမျိုးသား ၂၈၈ ဦးနှင့် အမျိုးသမီး ၇ဦး စုစုပေါင်း ၂၉၅ ဦးကို ဇွန်လ ၂၈ ရက်က ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီက သတင်း ထုတ်ပြန်သည်။
ဇူလိုင် ၂ ရက် သုံးသပ်ချက်
• မတ္တရာနယ်ထဲက Alpha ဘိလပ်မြေ စက်ရုံ စိုးမိုးကုန်းကို မန္တလေး PDF များမှ သိမ်းယူလိုက်သည့် အတွက် မန္တလေးမြို့နှင့် မိုင် ၂၀ အကွာကို ရောက်ရှိလာပြီဖြစ်သည်။ယင်းကြောင့် ပြည်သူအများစု ကမန္တလေး PDF များသည် မြို့ကြီးများကို ပထမဆုံး ပြည်တော်ဝင်မည့် PDF တပ်များ ဖြစ်မလားဟု ပြောဆိုနေကြသည်။