နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၇ ဒီဇင်ဘာ၂၀၂၃)

ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF မှတပ်ဖွဲ့ဝင်များ / KNDF

အမျိုးသားညီညွတ်ရေးအစိုးရ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ အုန်းပင်ကွင်းရွာတွင် အခြေစိုက်သည့် အကြမ်းဖက် စစ်တပ် လက် အောက်ခံ မောရဝတီ ရေတပ်ဌာနချုပ်ကို ဒေါနစစ်ကြောင်း၊ တပ်ခွဲ ၄(KBDF)က ဒရုန်းနှင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသက ထုတ်ပြန်ထားသည်။

ပဲခူးတိုင်း၊ကဝမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ အခြေခံ စစ်ပညာသင်တန်း အပတ်စဥ် (၄) သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၁၂ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း ကဝ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ သိရှိရသည်။

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်၊ ခါမ်းပါတ်မြို့တိုက်ပွဲအတွင်း အကြမ်းဖက် စစ်သား ၃၀ဦး ခန့် သေဆုံးခဲ့ပြီး စစ်သုံ့ပန်းအဖြစ် ၂ဦး အရှင် ဖမ်းဆီးရမိခဲ့ကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ၊ ကာကွယ် ရေးဝန်ကြီးဌာနက ယမန်နေ့က ထုတ်ပြန်သည်။

အကြမ်းဖက်စစ်အုပ်စုအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုဆိုင်ရာ စည်းမျဉ်းများ ကို ချိူးဖေါက်သူများအတွက် ဥပဒေပြုချမှတ်ထားသည့် ပြစ်ဒဏ်များကို ချမှတ်ကျင့်သုံးရန် NUCC က တောင်းဆိုလိုက်ကြောင်း သိရသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် လုံခြုံရေးအတွက်ဟုဆိုကာ စစ်ကောင်စီက စစ်မှုထမ်း ဟောင်းနှင့် ပျူစောထီးတို့ကို နေ့စားခပေးကာ တိုးမြှင့်ချထားလာနေကြောင်း မြို့ခံများထံမှ သိရသည်။

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ မုံရွာထောင်တွင် မတရားဖမ်းဆီးခံထားရသော နိုင်ငံရေး အကျဥ်းသား များကို နှိပ်စက်ညှဥ်းပန်းမှုများရပ်တန့်ရန် နှင့် ထိုဖြစ်ရပ်များအပေါ် ထောင်အာ ဏာပိုင်များက တောင်းပန်ရန် မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ဒီဇင်ဘာလ၁၅ရက်နေ့ တွင်ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ မုံရွာနှင့် ဘုတလင်မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ပြည်သူတစ်ဦးသေဆုံးကာ နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာတွင် ရွာပေါင်းစုံသပိတ်စစ်ကြောင်းက ဒေသခံ ပြည်သူများနှင့် ပူးပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး တောင်ယာသပိတ်ကို ယနေ့ (ဒီဇင်ဘာ ၁၇) နံနက်က ဆင်နွှဲခဲ့ကြသည်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာ၍ ကျေးရွာ ၁၀ ရွာထက် မနည်းရှိ ဒေသခံပြည်သူတစ်သောင်းခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်း ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၉၉၇ ရက်မြောက် နေ့အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်ကို ပြုလုပ်ခဲ့ကြသည်။

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် စစ်ကိုင်းတိုင်းရွှေဘိုမြို့နယ်မှ ဆန်အိတ် ၃၀၀ကျော် အဓမ္မသိမ်း လာသော စစ်ကောင်စီ၏ ရိက္ခာတင်ယာဉ်တစ်စီးအား မြို့နယ်(ပကဖ)အဖွဲ့က ဖမ်းဆည်း ရမိခဲ့ကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ အောင်ချမ်းသာရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Natogyi People Defence Force ထံမှ သိရသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ ကုလသမဂ္ဂရုံးရှေ့တွင် စစ်ကောင်စီ၏ ပြည်ပရောက် မြန်မာအလုပ်သမား များထံမှ ၂ ရာခိုင်နှုန်း အခွန်ကောက်ခံမှုအပေါ် ကန့်ကွက် ထိုင်းရောက် မြန်မာများက ယနေ့ ဆန္ဒပြ ကြသည်။

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ လောင်းလုံးမြို့မရဲစခန်း အတွင်းတွင် ကျေးရွာ ၂ ရွာမှ ခိုးယူလာသည့် ပြည်သူပိုင် ပစ္စည်းများကို ဝေစုခွဲနေသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ၃ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် PDF တပ်ဖွဲ့မှ သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

ပလက်ဝ၊ ဆမီးမြို့နယ်တွင် AAနှင့်အကြမ်းဖက်စစ်တပ် အကြားတိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်တပ် က လက် နက်ကြီး၊လေကြောင်းပစ်ကူများနှင့် အပြင်း အထန်ခံစစ်သုံးနေ၍ မြို့လုံးကျွတ် ထွက်ပြေး တိမ်း ရှောင်နေရကြောင်း မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ဖွဲ့က ယမန်နေ့ ညပိုင်းက ထုတ်ပြန် သည်။

ကိုးကန့်တိုက်ပွဲအတွင်း ဒဏ်ရာရ ရဲဘော်များအား ကိုးကန့်တပ်မတော်(MNDAA) တာဝန်ရှိ သူများက ယမန်နေ့ (ဒီဇင်ဘာ ၁၆ရက်)တွင် သွားရောက်တွေ့ဆုံခဲ့သည်ဟု MNDAAက အသိပေး ထုတ်ပြန်သည်။

ကချင်ပြည်နယ် လိုင်ဇာမြို့အနီးရှိ စစ်ကောင်စီ၏ ခရာဘွမ်တပ်စခန်းသို့ စစ်လက်နက်နှင့် ရိက္ခာများ ပို့ဆောင်သည့် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပူးပေါင်းတပ်က ယမန်နေ့တွင် တိုက်ခိုက်ခဲ့သည်ဟု KIA သတင်းပြန်ကြားရေးက အသိပေးသည်။

နမ့်ဆန်မြို့ စစ်ကောင်စီဗျူဟာကုန်းမှ လက်နက် ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း တအာင်း တပ်မတော်(TNLA) သတင်းပြန်ကြားရေးအရာရှိက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်တွင်ဒီဇင်ဘာဝက်အတွင်း ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅)နှင့် စစ်ကောင်စီအကြား တိုက်ပွဲ ၆၂ ကြိမ်ဖြစ်ပွားခဲ့ ကြောင်း တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

ရှမ်းမြောက် နမ့်ခမ်း၊ မန်တုံနှင့် ကွတ်ခိုင် မြို့နယ် များရှိ စစ်ကောင်စီတပ်စခန်းများကို တအာင်း တပ်မတော်(TNLA)က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နမ့်ခမ်းသို့ရဟတ်ယာဉ်ဖြင့် ပို့ဆောင် လာသည့် စစ်ကူတပ်ကို TNLAက တိုက်ခိုက်ချေမှုန်းရာ ဗိုလ်မှူးအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် အချို့ဖမ်းမိခဲ့သည်ဟု ညီနောင်မဟာမိတ် သုံးဖွဲ့က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ

မြန်မာနိုင်ငံက ဖားကန့်အပါအဝင် ရတနာနယ်မြေများတွင် လက်ရှိအချိန် မှာ ကျောက်စိမ်း တူးဖော်ခွင့် ရပ်ဆိုင်းထားကြောင်း စစ်ကောင်စီ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီး ဌာနမှ သိရသည်။

တိုင်းဒေသကြီး ၃ခုက နိုင်ငံပိုင် ဝါကြိတ်စက်ရုံ ၁၇ ရုံကိုပုဂ္ဂလိကလုပ်ငန်းရှင်များ ထံနှစ်ရှည် အငှားချဖို့စီစဉ်နေ ကြောင်းစိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံက ထွက်သည့်ပြောင်းကို ၂၀၂၄ခုနှစ် ဧပြီလမတိုင်မီအချိန်ထိ ပြည်ပကို တန်ချိန် ၇သိန်း တင်ပို့ရန် မျှော်မှန်းထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ ကုန်သွယ်မှုမြှင့် တင်ရေးအဖွဲ့ကနေ သိရသည်။

စက်သုံးဆီ ဝယ်ယူသုံးစွဲမှုအခြေအနေကို Software စနစ် တပ်ဆင်အသုံးပြုပြီး ကြီးကြပ်စောင့် ကြည့်နိုင်ရေး အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်သွားရန် စက်သုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင် က ပြောသည်။

တိုက်ပွဲများတွင် ထိခိုက်ဒဏ်ရာရရှိ၍ ပြင်ဦးလွင်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံ (ခုတင် ၇၀၀) တွင် တက်ရောက်ကုသနေသော စစ်သားများအား မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်သက်သက်ဇင်က အလှူငွေများ၊ စားသောက်ကုန်၊ လူသုံးကုန်များ ပေးအပ်လှူဒါန်းကြောင်း စစ်ကောင်စီ သတင်းများတွင် ဖော်ပြထားသည်။

မိမိဒေသ၊ မိမိမြို့ရွာသန့်ရှင်းသာယာရေးကိုဒေသခံများ၊ ဒေသတွင် တာဝန်ထမ်းဆောင်နေကြ သည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် စည်ပင်သာယာရေးတာဝန်ရှိသူများက မဖြစ်မနေဆောင် ရွက် ကြ ရမည်ဟု စစ်တိုင်းမှူးများက ညွှန်ကြားကြောင်း စစ်ကောင်စီသတင်းစာများတွင် ဖော်ပြထားသည်။

စစ်ကောင်စီ ဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တိုက်ပွဲများတွင်ထိခိုက်ဒဏ်ရာရရှိ ခဲ့သည့် အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား သွားရောက်ကြည့်ရှု အားပေး၊ မိသားစုဝင်များအား သွားရောက်တွေ့ဆုံအားပေး စကားပြောကြား ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၇ သုံးသပ်ချက်

စက်သုံးဆီပြတ်လပ်မှုအကျပ်အတည်းကို ယခုတိုင်မဖြေရှင်းနိုင်သေးသည့် စစ်ကောင်စီသည် စက်သုံးဆီဝယ်ယူသုံးစွဲမှုစနစ်များကို စောင့်ကြည့်မည်ဟု ဆိုထားသည့်အတွက် လုပ်ငန်းရှင်များနှင့် ပြည်သူများကို ဒုက္ခပေးအုံးမည်ဆိုသည့်သဘောဟု ဆိုရမည်ဖြစ်သည်။

စစ်ကောင်စီ၏ စခန်းများ အသိမ်းခံရမှုအခြေအနေမှာ ယနေ့ရရှိထားသည့် အချက်အလက်များ အရ နေ့စဉ်တိုးလာနေဆဲဖြစ်ပြီး စစ်ကောင်စီမှ ပြန်လည်ထိုးစစ်ဆင်ရန် မဆိုထားနှင့် မသေ အောင်နှင့် အဖမ်းမခံရအောင် မနည်းလွတ်အောင်ပြေးနေရသည်။