မြဝတီမြို့တွင် တိုက်ပွဲပြင်းထန်

ပုံအညွှန်း – မဲဆောက်ဘက်ခြမ်း အမှတ် (၂) တံတားရှိ ထိုင်းစစ်တပ်နှင့် ယနေ့တိုက်ပွဲကြောင့် တိမ်းရှောင်နေကြသော မြဝတီမြို့ခံများ (Photo- CJ)

မဇ္ဈိမ

မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီမြို့တွင် ယနေ့ (ဧပြီလ ၂၀ ) ရက်နေ့၊ နံနက် ၁ နာရီခန့်မှ စတင်ကာ လက်ရှိအချိန်ထိ တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည်။
မြဝတီမြို့စောင့်တပ် ခလရ (၂၇၅) မှ ထွက်ပြေးလာသော စစ်ကောင်တပ်ဖွဲ့ဝင်များရှိရာ မြဝတီ- မဲဆောက် အမှတ် (၂) တံတားနှင့် အနီးတဝိုက်တွင် တိုက်ပွဲပြင်းထန်နေခြင်း ဖြစ်သည်။

ရုပ်ရှင်ရုံအနီး၊ ဆီဆိုင်လမ်းဆုံနှင့် အန်ကယ်ကြီး မီးပွိုင့်အနီးလည်း တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံအချို့က လူမှုကွန်ရက်တွင် ရေးသားနေကြသည်။

“ဒီမနက် ၁ နာရီဝန်းကျင်လောက်ကစပြီး တိုက်ပွဲတွေ ပြင်းထန်နေတာပါ၊ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေကို မဲဆောက်ကနေ ကျယ်ကျယ်လောင်လောင် ကြားနေရတယ်” ဟု မဲဆောက်တွင်နေထိုင်သော မြန်မာတဦးက မဇ္ဈိမကို ပြောသည်။
လက်ရှိသတင်းပေးပို့နေသော နံနက် ၇ နာရီခွဲအချိန်ထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်သည်။ တိုက်ပွဲဖြစ်ပွားရာ နေရာအနီးရှိ မြဝတီမြို့ခံများလည်း ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြသည်။

မြဝတီမြို့နှင့် ကပ်လျက် ထိုင်းဘက်ခြမ်းရှိ မဲဆောက်မြို့တွင် ထိုင်းစစ်တပ်က လုံခြုံရေးအပြည့်ယူထားပြီး မြဝတီတိုက်ပွဲကို အနီးကပ်စောင့်ကြည့်နေကြောင်း မဲဆောက်တွင်ရှိနေသော မဇ္ဈိမ သတင်းထောက်က ပြောသည်။