ချောင်းဦး-မုံရွာလမ်းပိုင်း၌ စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့်တွဲကားများ မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကောင်စီယာဥ်တန်းအားမိုင်းခွဲတိုက်ခိုက်စဥ်/ရုပ်သံ – PDF – South Monywa

ပါခွီး

(မဇ္စျိမ)။ ။စစ်ကိုင်းမြို့မှထွက်လာသည့် စစ်ကောင်စီတပ်သားများ လုံခြုံရေးလိုက်ပါလာသော တွဲကားများ ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ မုံရွာခရိုင်အမှတ်(၁၁) People’s Defence Force – South Monywa က ယနေ့(မေလ ၁၃ ရက်)တွင် ထုတ် ပြန်သည်။

စစ်ကိုင်းမြို့မှထွက်လာသည့် တွဲကား ၁၁ စီးပါယာဥ်တန်းကို ချောင်းဦ-မုံရွာလမ်းပိုင်း၌ မေလ ၁၂ ရက် မွန်းလွဲ ၁ နာရီ ၄၀ မိနစ်တွင် မိုင်း ၁၄ လုံးဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားလေးဦးသေဆုံးပြီး တွဲကားတစီးပျက်စီးခဲ့သည့်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

“ကားတွေထွက်လာတာကို သတင်းကြိုတင်ရထားပြီးသားပါ။ စစ်ကောင်စီတပ်သားတွေက ကားခေါင်း ခန်းတွေမှာ လုံခြုံရေးယူရင်းလိုက်လာတာပါ” ဟု PDF – South Monywa တာဝန်ခံ ဒေါင်းကာရံက မဇ္စျိမ ကိုပြောသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားသေဆုံးမှုကို မြေပြင်ရှိသတင်းအချက် အလက်များဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည် ဟုဆိုသည်။

တိုက်ခိုက်မှုဖြစ်စဥ်အတွင်း စစ်ကောင်စီတပ်သားများသေဆုံးခြင်းကို မဇ္စျိမအနေဖြင့် သီးခြားအတည်ပြု နိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်သည် တိုက်ခိုက်ခံခဲ့သည့်တွဲကားမျိုးဖြင့် ယခုရက်ပိုင်းအတွင်း မုံရွာမှစစ်ကိုင်းမြို့သို့ ကြေးနီများပို့ဆောင်လျက်ရှိကြောင်း ဒေါင်းကာရံကဆက်ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို PDF – South Monywa ၊ Area 71 People’s Defence Force နှင့် မုံရွာမြို့နယ် တိုက်နယ်(၃) ရပ်ကျေးပြည်သူ့ကာကွယ်ရေးအဖွဲ့တို့မှ ပူးပေါင်းခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

မေလ ၉ ရက်နှင့် ၁၀ ရက်နေ့များကလည်း စစ်ကိုင်း-မုံရွာကားလမ်းပေါ်တွင် ကြေးနီတင်သည့်ကားများကို PDF – South Monywa က မဟာမိတ်များနှင့်ပူးပေါင်းပြီး မိုင်း သုံးကြိမ် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရ သည်။

စာတည်း။ ။စောဖေ