ကလေးမြို့တွင် မီတာမဆောင်သည့် အိမ်များကို မီးဖြတ်တောက်

ကလေးမြို့တွင် မီတာမဆောင်သည့် အိမ်များကို မီးဖြတ်တောက်

ပါခွီး (မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ကလေးမြို့၊ တာဟန်းရပ်ကွက်နှင့် ကြို့သုံးပင်ကျေးရွာတို့တွင် လျှပ်စစ်မီတာခ မဆောင်သည့် နေအိမ်များကို မီးလိုင်းများဖြတ်တောက်သွားသည်ဟု ဒေသခံများထံက သိရသည်။
“တချို့အိမ်တွေကိုတော့ အကြောင်းကြားတယ် မီတာဆောင်ဖို့ ။ ကျမတို့အိမ်တော့ ဘာမှအကြောင်းကြားတာမရှိဘဲနဲ့ မီးဖြတ်သွားတယ်” ဟု အမည်မဖော်လိုသည့် ဒေသခံအမျိုးသမီးတဦးက မဇ္စျိမကိုပြောသည်။


စစ်ကောင်စီတပ်ဖွဲ့က လုံခြုံရေးယူပေးပြီး လျှပ်စစ်ရုံးဝန်ထမ်းများက နေအိမ် အချို့ကို စုပေါင်းရုံးတွင် မီတာဆောင်ကြရန်နှင့် မဆောင်ပါက မီးလိုင်းဖြတ်တောက် သွားမည်ဟု သတိပေးပြောဆိုခဲ့ပြီးနောက် အောက်တိုဘာလ ၄ရက်မှ စတင်ပြီး အိမ်အချို့တွင် မီးလိုင်းများ ဖြတ်တောက်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။


ယခင်လကလည်း ကိုးမိုင်ရွာဘက်တွင် မီတာဆောင်ရန်ပြောကြားခဲ့ပြီး မဆောင်သည့် နေအိမ်များကို မီးလိုင်းဖြတ်တောက်ခဲ့ရာ မီတာကြေး ပြန်လည်ပေးဆောင်သည့် နေအိမ်များကို မီးလိုင်းပြန်လည် ဆက်သွယ်ပေးခဲ့ကြောင်း အဆိုပါဒေသခံက ဆက်ပြောသည်။


“မီးကတရက်ကို ခုနစ်နာရီလောက်တော့လာတယ် တဆက်ထဲမဟုတ်ဘူး။ ညပိုင်းမှ လာတာများတာ နေ့ခင်းလည်း ခဏတဖြုတ်လာတတ်တယ် ။ပုံမှန်လည်းမဟုတ်ဘူး လာချင်တဲ့အချိန်လာတာပဲ ။ အဲဒါကို လူတယောက်ကစောင့်ပြီး လျှပ်စစ်သုံး အိမ်မှုကိစ္စတွေလုပ်ရတာ” ဟု ကလေးမြို့ခံတဦးက ပြောသည်။


ထမင်းဟင်းချက်ပြုတ်ရေးအတွက် မီးသွေးနှင့် ဂက်စ်ကို ခြွေတာသုံးစွဲရပြီး မီးလာချိန်တွင်သာ လျှပ်စစ်မီးဖြင့် အသုံးပြုရသည့် ပစ္စည်းများကို အားသွင်းရကြောင်း ဆိုသည်။


ရံဖန်ရံခါ ထရန်စဖော်မာလောင်သည့်အခါနှင့် အခြားအရေးအကြောင်းများရှိ၍ နှစ်ရက် သုံးရက်ခန့်မီးပြတ်တောက်ပါက နီးစပ်ရာ မီးစက်ရှိသည့်အိမ်များတွင် အကူအညီတောင်း၍ ဖုန်းများအားသွင်းလေ့ရှိကြောင်းလည်း သိရသည်။
အာဏာသိမ်းပြီး‌နောက် ကလေးမြို့တွင် လျှပ်စစ်မီတာခများ ကောက်ယူရန်ကြိုးစားမှုသည် ယခုအကြိမ်နှင့်ဆိုပါက သုံးကြိမ်မြောက်ဖြစ်ပြီး
ကလေးမြို့ရှိ လျှပ်စစ်ရုံးဝန်ထမ်းသုံးဦးကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်သည့်ဖြစ်ရပ် ဖြစ်ပွားခဲ့သေးသည်။


စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး