တောင်ကြီးခရိုင်ရဲမှူး လိုက်ပါလာသည့်ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ ၊ ၃ ဦးသေ ၄ ဦးဒဏ်ရာရ

တောင်ကြီးခရိုင်ရဲမှူး လိုက်ပါလာသည့်ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ ၊ ၃ ဦးသေ ၄ ဦးဒဏ်ရာရ

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF)မှ ရဲဘော်များ။ (ပုံ-DPLF)

ရောင်နီ(မဇ္စျိမ)။ ။ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် တောင်ကြီးခရိုင်ရဲမှူးလိုက်ပါစီးနင်းလာသည့် ယာဥ် တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေး တပ်တော်(DPLF)ထံမှ သိရသည်။

ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်အစပ် ယုံဗွေကွမ်းသီးခြံမှထွက်ခွာလာသည့် ကားလေးစီးပါယာဥ်တန်း ကို အောက်တိုဘာလ ၂၁ ရက် နံနက် ၈ နာရီအချိန်က ရွာငံမြို့နယ်တနေရာတွင် ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ကားသုံးစီးနဲ့ ယာဥ်တန်းကို လက်လုပ်မိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်တာ ဖြစ်ပါတယ်။ တစ်စီးက ကွက်တိထိပြီး ပျက်စီးသွားတယ်။ အဲဒီယာဥ်တန်းမှာ တောင်ကြီးခရိုင်ရဲမှူးလိုက်ပါလာတယ်ဆိုတာ သတင်းပေးကြောင့် သိရတာပါ ” ဟု DPLF တပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ယာဥ်တန်းမှ ကားတစီး ထိမှန်ပျက်စီးခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦး နေရာ တွင် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ခရိုင်ရဲမှူးအပါအဝင် ခြောက်ဦးကို ရွာငံဆေးရုံသို့ တင်ပို့ခဲ့ကြ ကြောင်း ၎င်းက ဆက်ပြောသည်။

“ အခင်းဖြစ်တဲ့နေရာမှာ တစ်ယောက်က ပွဲချင်းပြီးသေတယ်၊ ခြောက်ယောက်က ဒဏ်ရာရတယ်။ မနေ့ည က ရွာငံဆေးရုံမှာ နှစ်ဦးထပ်သေတယ်ဆိုတာ အတည်ပြုလို့ရတယ်။ ခရိုင်ရဲမှူးက နှာခေါင်းနဲ့ မျက်နှာမှာ ထိခိုက်ဒဏ်ရာရတယ်” ဟု DPLF တပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

ရွာငံမြို့နယ်ရှိ ယုံဗွေကွမ်းသီးခြံသည် သာယာလှပသည့်အတွက် အာဏာမသိမ်းခင်ကာလက လာရောက် လှည်ပတ်သူများနှင့် စည်ကားခဲ့သည့်နေရာဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါနေရာတွင် လွန်ခဲ့သည့်နှစ်လဝန်းကျင်မှစကာ စစ်ကောင်စီတပ်က အင်အား ၆၀ ခန့်ဖြင့်တပ်စွဲထား ပြီး တောင်ကြီးခရိုင်ရဲမှူးဦးဆောင်သည့်အဖွဲ့က မကြာခဏလာရောက်စစ်ဆေးလေ့ရှိကြောင်း ကာကွယ် ရေးတပ်ဖွဲ့က ပြောသည်။

ခရိုင်ရဲမှူးလိုက်ပါလာသည့်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ ရမ်းသန်းပစ် ခတ်မှုရှိခဲ့သော်လည်း ထိခိုက်သူမရှိကြောင်း DPLF တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

“မိုင်းဆွဲတိုက်ခိုက်မှုဖြစ်ခဲ့တဲ့ ရွာငံ-ရေဦးလမ်းတလျှောက်မှာ စစ်ကောင်စီတပ်က အင်အားဖြည့်ပြီး ပိတ်ဆို့ စစ်ဆေးတာတွေရှိခဲ့တယ်။ ဖမ်းဆီးခံရတာမျိုးတော့ မရှိပါဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

တောင်ကြီးခရိုင်ရဲမှူးလိုက်ပါလာသည့်ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရသည့် ဖြစ်စဥ်နှင့် ထိခိုက်သေဆုံးမှု နောက်ဆက်တွဲအခြေအနေများကို သိရှိနိုင်ရန် မဇ္စျိမက ဆက်လက်စုံစမ်းနေသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် စစ်ကောင်စီကို ခုခံတိုက်ခိုက်ရန် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး – Danu People’s Liberation Front (DPLF) ကို ဇူလိုင်လ ၂၉ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီးနောက် ဒေသ အတွင်း တိုက်ခိုက်မှုများကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်နေကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း ရပ်စောက်မြို့နယ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီ တပ်ကို တိုက်ခိုက်ရာ သုံးဦးသေဆုံးကာ ထိခိုက်သူများ ရှိခဲ့သည်။

“ဘုံရန်သူကိုချေမှုန်းနေတဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦးကို မေ့မထားကြပါနဲ့။ ကျွန်တော်တို့တပ်ဖွဲ့ က ပထမဆုံးအကြိမ်ပြုလုပ်တဲ့ “ဓနုအိပ်မက်ဖော်ဆောင်ဖို့ စပ်သီးတောင့်များဝိုင်းကူစို့” ဆိုတဲ့ ကမ်းပိန်းမှာ လည်း ပါဝင်အားဖြည့်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု DPLF တပ်ဖွဲ့ တာဝန်ရှိသူက ပြည်သူများကို မေတ္တာရပ်ခံသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်နှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်သည့် ရွာငံ၊ ပင်းတယမြို့နယ်များတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု ပြန်လည်အားကောင်းလာခြင်းနှင့် အတူ စစ်ကောင်စီတပ်ဖွဲ့များ မကြာခဏ တိုက်ခိုက်ခံနေရသည်။

စစ်ကောင်စီတပ်ဖွဲ့ကလည်း အဆိုပါဒေသများအတွင်း လုံခြုံရေးအင်အားတိုးမြင့်ချထားကာ စစ်ဆေးမှု များ တင်းကျပ်စွာလုပ်ဆောင်နေပြီး ဒေသခံပြည်သူများ မကြာခဏ အကြောင်းမဲ့ ဖမ်းဆီးခံရမှုများ ရှိနေ သည်။

စာတည်း။ ။စောဖေ