တရုတ်တွင် Bing ဝက်ဘ်ဆိုက်၌ ဆင်ဆာဖြတ်မှုများအတွက် Microsoft ဝေဖန်ခံနေရ

ပုံ စမတ်ဖုန်းပေါ်တွင်တွေ့ရသော Bing ဝက်ဘ်ဆိုက်။ Microsoft သည် တရုတ်နိုင်ငံတွင် ၎င်း၏ ရှာဖွေရေးဝက်ဘ်ဆိုက် အလုပ်လုပ်ပုံနှင့်ပတ်သက်၍ လူ့အခွင့်အရေးအဖွဲ့များ၏ ဝေဖန်မှုကို အပြင်းအထန်ခံနေရသည်။ (BLOOMBERG)

ပုံ-စမတ်ဖုန်းပေါ်တွင်တွေ့ရသော Bing ဝက်ဘ်ဆိုက်။  Microsoft သည် တရုတ်နိုင်ငံတွင် ၎င်း၏ ရှာဖွေရေးဝက်ဘ်ဆိုက် အလုပ်လုပ်ပုံနှင့်ပတ်သက်၍ လူ့အခွင့်အရေးအဖွဲ့များ၏ ဝေဖန်မှုကို အပြင်းအထန်ခံနေရသည်။ (BLOOMBERG)

The Japan Times

Microsoft ကုမ္ပဏီသည် တရုတ်နိုင်ငံအတွင်း၌ ၎င်း၏ ရှာဖွေရေးဝက်ဘ်ဆိုက် Bing တွင် ဆင်ဆာဖြတ်တောက်မှုများပြုလုပ်နေကြောင်း Bloomberg က စုံစမ်းတင်ပြခဲ့ပြီးနောက် အမေရိကန် အထက်လွှတ်တော်အမတ်နှင့် လူအခွင့်အရေးအဖွဲ့များက Microsoft ကို ပြစ်တင်ဝေဖန်လိုက်ကြသည်။

မည်သည့်အမေရိကန်ကုမ္ပဏီဖြစ်စေ ထိုသို့လိုက်လျောပေးမှုသည် ကျိုးကြောင်းမဆီလျော်ကြောင်း ဖလော်ရီဒါပြည်နယ်မှ ရီပတ်ဘလစ်ကန်အမတ် မာကိုရူဘီအိုက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံရှိ Bing ဝက်ဘ်ဆိုက်သည် လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ ရာသီဥတုပြောင်းလဲမှုနှင့် တရုတ်နှင့်ပတ်သက်သော အချက်အလက်အချို့ကို ဖယ်ရှားမှုများပြုလုပ်ပေးနေကြောင်း Bloomberg က ရှာဖွေတွေ့ရှိခဲ့သည်။

“တရုတ်နိုင်ငံမှာ စီးပွားရေးလုပ်နေတဲ့ ကုမ္ပဏီတိုင်းဟာ လူမျိုးတုံးသတ်ဖြတ်တဲ့ အာဏာရှင်အစိုးရကို လိုက်လျောမှုတွေ လုပ်ပေးနေပါတယ်။ အမေရိကန်ကုမ္ပဏီတွေဟာ သူတို့ရဲ့လုပ်ရပ်တွေနဲ့ပတ်သက်ပြီး အမေရိကန်လွှတ်တော်အမတ်တွေနဲ့ စည်းမျဉ်းကြီးကြပ်ရေးအဖွဲ့တွေကို ကျိုးကြောင်းသင့်ရှင်းပြဖို့ ကြိုးစားကြပေမယ့် တရုတ်ကွန်မြူနစ်ပါတီကိုယ်စား ဆင်ဆာဖြတ်တောက်မှုကို လုပ်ပေးစရာအကြောင်းမရှိပါဘူး။ တရုတ်နိုင်ငံမှာ လုပ်ငန်းလည်ပတ်တဲ့ အမေရိကန် ကုမ္ပဏီတိုင်းဟာ အမေရိကန်ကို အနိုင်ရအောင်လုပ်မယ်ဆိုတဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ ရည်မှန်းချက်ကိုဖြည့်ဆည်းပေးဖို့ နောက်ထပ် အခွင့်အရေး ပေးနေတာပါ။ ဒါဟာ တကယ်ကို သိသာပါတယ်။” ဟု ရူဘီအိုကပြောသည်။

ဗာဂျီးနီးယားမှမှဒီမိုကရက်တစ်အမတ် မာ့ခ်ဝါနာသည် တရုတ်ရှိ Bing ပလက်ဖောင်းကိုပိတ်ပစ်ရန် စဉ်းစားစေလိုကြောင်း ပြီးခဲ့သည့်အပတ်က Microsoft ကိုတောင်းဆိုခဲ့သည်။

Microsoft ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူက တရုတ်ဗားရှင်း Bing သည် နိုင်ငံအတွင်း ဆင်ဆာဖြတ်တောက်မှုအနည်းဆုံးရှာဖွေရေးဝက်ဘ်ဆိုက်ဖြစ်ပြီး တရုတ်ဈေးကွက်မှထွက်ခွာပါက လူများအား Bing မှတဆင့်ရရှိသော အချက်အလက်များနှင့် ဖြတ်တောက်သလိုဖြစ်လိမ့်မည်ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။

ရူဘီအို၏ မှတ်ချက်များသည် နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ပြဿနာမျိုးစုံနှင့်ပတ်သက်ပြီး အမေရိကန်နှင့်တရုတ်ကြား တင်းမာမှုများ မြင့်တက်နေချိန်တွင် အမေရိကန် ကော်ပိုရေးရှင်းများနှင့် တရုတ်အစိုးရဆက်ဆံရေးအပေါ် အမေရိကန်နှစ်ပါတီစိုးရိမ်မှုများရှိနေကြောင်း ထင်ဟပ်ပြသနေသည်။

တချိန်တည်းမှာပင် လူ့အခွင့်အရေးအဖွဲ့များကလည်း ထိုကိစ္စအပေါ် စိုးရိမ်ကြော်ငး ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) မှ တရုတ်နိုင်ငံရေးရာ ယာယီဒါရိုက်တာ မာယာဝမ်က Microsoft အား တရုတ်အစိုးရ၏ တောင်းဆိုမှုများကိုလိုက်နာသော အကြောင်းအရာဖယ်ရှားရေး မူဝါဒများအပေါ် ပွင့်လင်းမြင်သာစွာလုပ်ဆောင်ရန်နှင့် လူ့အခွင့်အရေးကို ပိုမိုကောင်းမွန်စွာ ကာကွယ်ရန် ပြည်တွင်းလုပ်ဖော်ကိုင်ဖက်များအား တွန်းအားပေးရေးစဉ်းစားရန် တောင်းဆိုခဲ့သည်။

လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်တာကို မရှောင်ရှားနိုင်ရင် ၂၀၁၀ တုန်းက Google ကုမ္ပဏီလုပ်သလို တရုတ်နိုင်ငံကနေ ထွက်ခွာာလိုက်ပါ” ဟု ဝမ်က ဆိုသည်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို တရုတ်အစိုးရက ဖြိုခွင်းနေမှုကြောင့်လည်း Google နှင့် Yahooတို့ သည် တရုတ်ရှိ ၎င်းတို့လုပ်ငန်းများကို ပိတ်ပစ်ခဲ့သည်။ Microsoft ၏ Bing ရှာဖွေရေးပလက်ဖောင်းသည် အင်တာနက်ကန့်သတ်မှုပြင်းထန်သော တရုတ်တွင် ယခုအခါ အသုံးပြုနိုင်သော တခုတည်းသော အနောက်နိုင်ငံ၏ ရှာဖွေရေးဝက်ဘ်ဆိုက်ဖြစ်သည်။

Microsoft သည် တရုတ်နိုင်ငံတွင်း လုပ်ငန်းလည်ပတ်နိုင်စေရန် “လူ့အခွင့်အရေး”၊ “ရာသီဥတုပြောင်းလဲမှုနှင့်တရုတ်၊” “ဒီမိုကရေစီ” နှင့် “နိုဘယ်ငြိမ်းချမ်းရေးဆု” စသည့်အသုံးအနှုန်းများအပါအဝင် ထောင်ပေါင်းများစွာသော ဝက်ဘ်ဆိုက်များ၊ စကားလုံးများနှင့် စကားစုများကို Bing တွင် ကန့်သတ်ခဲ့ကြောင်း Bloomberg Businessweek တွင်ဖော်ပြထားသည်။

တရုတ်နိုင်ငံ ရှင်ကျန်းဒေသရှိ ဝီဂါလူနည်းစုအပေါ် အနိုင်ကျင့်မှု စွပ်စွဲချက်များဆိုင်ရာ အချက်အလက်များကိုလည်း အဆိုပါဝက်ဘ်ဆိုက်တွင် ရှာဖွေ၍မရပေ။ “ဒေသန္တရဥပဒေအရ ထိုရလဒ်များကို ဖယ်ရှားထားသည်” ဟု ဆင်ဆာဖြတ်ထားသော အကြောင်းအရာကို ရှာဖွေနေသည့် အင်တာနက်သုံးစွဲသူများအား အသိပေးထားသည်။

ဝီဂါလူ့အခွင့်အရေးစီမံကိန်းမှ အမှုဆောင်ဒါရိုက်တာ အိုမာကာနက်က ဝီဂါနှင့် အခြားသော တာကစ်မွတ်စလင်များအပေါ် ရက်စက်ကြမ်းကြုတ်မှုများနှင့် ပတ်သက်သည့် အချက်အလက်များကို ဖယ်ရှားရာတွင် Microsoft ၏ ပါဝင်ပတ်သက်မှုသည် စိတ်ပျက်ဖွယ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Bing သည် ထိုသို့သောသတင်းများကို တရုတ်အစိုးရက နှိပ်ကွပ်ရာတွင် ကူညီခြင်းအတွက် ရှက်သင့်ကြောင်းနှင့် Microsoft အနေဖြင့် ဆင်ဆာအားလုံးကို ရုပ်သိမ်းပြီး တရုတ်ရှိ Bing မှရသည့် အမြတ်အစွန်းများကို သတင်းဖုံးကွယ်ခံရသူများထံသို့ လှူဒါန်းသင့်သည်ကြောင်း အိုမာကာနက်က မှတ်ချက်ပြုခဲ့သည်။