ကလေးမြို့တွင် စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် လူငယ် ၁ ဦး သေဆုံး

ကလေးမြို့တွင် စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် လူငယ် ၁ ဦး သေဆုံး

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသော မောင်လျန်းမွမ်းစိန်(ဓာတ်ပုံ-ပေးပို့)

ကိုခင်မောင် (မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းရပ်ကွက်တွင် စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်ခြင်းကြောင့် အသက် ၁၇နှစ်အရွယ် လူငယ်တဦး သေနတ်ကျည်ဆန်ထိမှန်ကာ သေဆုံးသွားကြောင်း ကလေးမြို့ ဒေသခံများထံက သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၆ ရက် မွန်းလွဲပိုင်း ၂ နာရီခန့်တွင် လူငယ်လေးဦးသည် ဘော်လုံးကန်ရန် ဆိုင်ကယ်တစီးဖြင့် သွားနေစဉ် တာဟန်းရပ်ကွက် လက်ပံချောင်းလမ်းခွဲ၌ စစ်ဆေးရေးလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့က သေနတ်ဖြင့် လှမ်းပစ်ခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူနှင့် နီးစပ်သူတဦးက မဇ္စျိမကိုပြောသည်။

“ ဘောလုံးကန်ဖို့သွားကြတာပါ။ သူတို့က ဆိုင်ကယ်တစ်စီးပေါ်မှာ ရှေ့မှာ ကလေးတယောက်၊ အနောက်မှာလူငယ်သုံးတင်ထားတာဗျ။ ဆိုင်ကယ်တစ်စီးပေါ်မှာ လူငယ်လေးယောက်က စီးနေကြတာ။ တာဟန်း အေဂျီဘုရားကျောင်းနားမှာ စစ်သားတွေက စစ်ဆေးရေးလုပ်‌နေတာကိုတွေ့တော့ ကလေးတွေက ပြန်လှည့်ထွက်ခဲ့တယ်။ အဲမှာ စစ်သားတွေက လှမ်းပစ်တာ နောက်ဆုံးမှာ ထိုင်တဲ့သူကို မှန်ပြီးတော့ သေဆုံးသွားတာဖြစ်တယ်” ဟု သေဆုံးသူနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်ခြင်းကြောင့် အသက်၁၇နှစ်အရွယ် မောင်လျန်းမွမ်းစိန်သည် နောက်ကြောတွင် သေနတ်ထိမှန်ကာ ပွဲချင်းပြီးသေဆုံးသည်ဟု ၎င်းက ဆက်လက်ပြောပြသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် ကလေးမြို့ တွင် အစစ်အဆေး တင်းကျပ်စွာပြုလုပ်နေပြီး ယခုရက်ပိုင်းတွင် ကလေးမြို့ ၊ တာဟန်းရပ်ကွက်ရှိ တာဟန်း အေဂျီဘုရားကျောင်းအနီးနှင့် လက်ပဲချောင်းလမ်းခွဲတွင် နေရာယူကာ လမ်းသွားလမ်းလာပြည်သူများအား စစ်ဆေးနေကြောင်းသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၅ရက်နေ့တွင်လည်း စစ်ကောင်စီတပ်၏ ရိုက်နှက်စစ်ဆေးမှု များကြောင့် အသက်၃၀နှစ်အရွယ်ဒိုဒိတ်ဟွဲ သေဆုံးမှုဖြစ်ခဲ့သေးသည်။

စာတည်း။ ။အောင်ကျော်ဖြိုး