လောက်ကိုင်ရှိ တရုတ်နိုင်ငံသားများ အမြန်ရွှေ့ပြောင်းရန် တရုတ်သံရုံးသတိပေးပြီးနောက် မြို့၏နေရာအနှံ့နီးပါးကို စစ်ကောင်စီဗုံးကြဲဟု ဒေသခံများပြော

ပုံအညွှန်း − လောက်ကိုင်မြို့အတွင်း ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် လောင်ကျွမ်းနေသည့်မြင်ကွင်း/ဓာတ်ပုံ − လောက်ကိုင်ဒေသခံ၏ လူမှုကွန်ရက်မှ

ရွှေနွယ်(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊  လောက်ကိုင်မြို့ရှိ တရုတ်နိုင်ငံသားများအနေဖြင့် မြို့မှ အမြန်ထွက်ခွာရန် တရုတ်သံရုံး သတိပေးထုတ်ပြန်ပြီးနောက် လောက်ကိုင်မြို့၏ နေရာအနှံ့နီးပါးကို  ယမန်နေ့ ဒီဇင်ဘာ ၂၈ ရက် ညတွင် စစ်ကောင်စီက  လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း လောက်ကိုင်ဒေသခံများထံက သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် ယမန်နေ့ ဒီဇင်ဘာ ၂၈ ရက် မနက်ပိုင်းက လူမှုကွန်ရက်ဖြစ်သည့် Wechat မှတဆင့် ကိုးကန့် အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ လောက်ကိုင်မြို့ရှိ  တရုတ်နိုင်ငံသားအားလုံး  မြို့မှ အမြန်ဆုံး ထွက်ခွာရန်  တိုက်တွန်းနိုးဆော်ထားခြင်းဖြစ်သည်။

ထို့နောက် ညပိုင်းတွင် လောက်ကိုင်မြို့၏ နေရာအနှံ့နီးပါးသို့ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း လောက်ကိုင်မြို့ နယ်စပ်အမှတ် ၁၂၅ တွင် စစ်ရှောင်နေသည့် ဒေသခံကပြောသည်။

“ခါတိုင်းကတိုက်တဲ့နေရာပဲ ကြဲတာ။ ခုက ကြဲချင်တဲ့နေရာကြဲတဲ့သဘော။ ည၇နာရီလောက်ကနေ ၉နာရီလောက်ထိ ဗုံးသံတွေဆက်တိုက်ပဲ” ဟု လောက်ကိုင်မြို့ဒေသခံက ပြောသည်။

ထို့ပြင် ယမန်နေ့က ညနေ ၆ နာရီအချိန်နောက်ဆုံးထား၍ လောက်ကိုင်မြို့ရှိ ပြည်သူများအားလုံး မြို့မှထွက်ခွာရန် စာအချို့ပျံ့နှံ့ခဲ့သေးသည်ဟု ဒေသခံကပြောသည်။

“စာတွေတော့ပျံ့လာတယ်။ စကစ(စစ်ကောင်စီ) ဘက်က ဖြန့်တဲ့ပုံစံ” ဟု အဆိုပါ ဒေသခံကပြောသည်။

လောက်ကိုင်မြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၉ ရက်နေ့မှစတင်ကာ တိုက်ပွဲများပိုမိုပြင်းထန်လာခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် လောက်ကိုင်မြို့၏ နေရာအချို့၌ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ် MNDAA တပ်များ သွားလာလှုပ်ရှားစိုးမိုးထားနိုင်ပြီဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

တိုက်ပွဲများအတွင်း ပစ်ခတ်တိုက်ခိုက်မှုများနှင့်အတူ လေကြောင်းတိုက်ခိုက်မှုများကြောင့် လောက်ကိုင်မြို့ရှိ အဆောက်အအုံအများအပြားသည် ပျက်စီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

တရုတ်အစိုးရ၏ ကြားဝင်ဆောင်ရွက်ပေးမှုဖြင့် စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင်မဟာမိတ်တို့ကြား ဒီဇင်ဘာလအစောပိုင်းတွင် တကြိမ်နှင့် ၂၂ ရက်နေ့နှင့် ၂၄ ရက်နေ့ ကြားတွင်တကြိမ်ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီနှင့် တရုတ်အစိုးရက ထုတ်ဖော်ပြောကြားထားသည်။

““အခုတိုက်ပွဲတွေ တအားပြင်းလာချိန်မှာ တရုတ်ဘက်ကတော့ ကျွန်တော်တို့ကို တိုက်ပွဲတွေရပ်ဖို့ ဖိအားပေးနေတယ်။ အဲဒီအနေအထားကို  ကျွန်တော်တို့သုံးဖွဲ့ ဒါကို ဘယ်လိုကျော်လွှားမလဲ​နည်းလမ်းရှာနေပါတယ်” ဟု PSLF/TNLA ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ်တာဘုန်းကျော်မှ ယခုသတင်းပတ်အတွင်း ပြောကြားထားသည်။

လောက်ကိုင်မြို့ခံသတင်းရင်းမြစ်များ၏ ဒီဇင်ဘာ ၂၇ ရက်နေ့ ပြောဆိုချက်အရ လောက်ကိုင်မြို့တွင် စစ်ကောင်စီ၏ တပ်စခန်းနေရာများ၊ ရဲစခန်းနှင့် ပြည်သူ့စစ်စခန်းများအား MNDAA မှသိမ်းယူထားပြီး စစ်ကောင်စီဒေသကွပ်ကဲမှုစစ်ဌာနချုပ်နှင့် အမှတ် (၃၂၂) တပ်ရင်းတို့ကို တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ စခန်းသိမ်းမှုအခြေအနေများနှင့်ပတ်သက်၍ မဇ္ဈိမမှ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးဘဲ MNDAA ပြောခွင့်ရသူသို့ ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

တိုက်ပွဲများအတွင်း ဒေသခံအရပ်သားပြည်သူများလည်းထိခိုက်မှုရှိပြီး လောက်ကိုင်မြို့အတွင်း အရပ်သားပြည်သူအချို့လည်းကျန်ရှိနေဆဲဖြစ်ကြောင်း ဒေသခံတို့၏ပြောဆိုချက်အရသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး