ပုလဲနယ်တွင် စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းထိုးလာသည့်အတွက် ဒေသခံများ ရှောင်တိမ်းနေရ

ပုလဲနယ်တွင် စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းထိုးလာသည့်အတွက် ဒေသခံများ ရှောင်တိမ်းနေရ

တိမ်းရှောင်နေရသည့် စစ်ရှောင်များ။

MTO (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ပုလဲ-ဂန့်ဂေါ လမ်းမကြီးတလျှောက်တွင် စစ်ကောင်စီတပ်ဖွဲ့များက ယာဉ်တန်းဖြင့် စစ်ကြောင်းထိုးလာသည့်အတွက် ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဦးဇော်ထက်က ပြောသည်။

“လမ်းမကြီးပေါ်မှာရှိတဲ့ ကျေးရွာတွေအားလုံးနီးပါး ထွက်ပြေးကြရတယ်။ ပြည်သူဦးရေ ၁၀,၀၀၀ လောက်ရှိမယ် ” ဟု ၎င်းကပြောသည်။

ကား ၁၇စီးပါ ယာဉ်တန်းဖြင့် လိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့ နံနက် ၄ နာရီအချိန်က ပုလဲမြို့ပေါ် မှတဆင့် ပုလဲ-ဂန့်ဂေါ လမ်းအတိုင်း စစ်ကြောင်းထိုးလာရာ လမ်းမကြီးနံဘေးရှိ ကျေးရွာများမှ ဒေသခံ ၁၀,၀၀၀ နီးပါး အရေးပေါ်တိမ်းရှောင်နေရသည်ဟု ဆိုသည်။

“စစ်ကောင်စီတပ်တွေက လမ်းတလျှောက် လမ်းဘေးဝဲယာမှာရှိတဲ့ ကျေးရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်သွားတယ် ။ လမ်းမကြီးပေါ်ရှိတဲ့ ကျေးရွာတွေက ပြည်သူပိုင်ပစ္စည်းတွေကို အကုန်ဝင်ယူပြီး ယာဉ်တွေပေါ်တင်သွားကြတယ်” ဟုပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီစစ်ကြောင်းကြောင့် မင်းတိုင်ပင်၊ ငှက်ပျောတော၊ သပြေကုန်း၊ သရက်ခါး၊တောတိုက်၊ သာယာကုန်း ၊ တလိုင်းကန်၊ နှောကန် ၊ စပါးစေ့ စသည့် ကျေးရွာများမှ ဒေသခံများ ထွက်ပြေးနေရ ခြင်းဖြစ်သည်ဟု ဆိုသည်။

လမ်းတလျှောက်တွင်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်တွင် ထိခိုက်မှုများ ရှိနိုင်ကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့သည် ပုလဲ-ဂန့်ဂေါ ကားလမ်းနံဘေးရှိ မင်းတိုင်ပင်ရွာတွင် တပ်စွဲထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့မှာ ပျူစောထီးဆိုသူများနေထိုင်သည့် အင်မထီးရွာအတွင်းသို့ ဝင်ရောက်သွားကြောင်း ပုလဲမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဇော်ထက်က ဆိုသည်။

အိုးအိမ်များကို စွန့်ခွာပြီး စစ်ရှောင်လာကြရသောဒေသခံပြည်သူများအား သက်ဆိုင်ရာ ကျေးရွာများ မှ တာဝန်ရှိသူများ၊ ပအဖ အဖွဲ့ဝင်များနှင့် သပိတ်အဖွဲ့များက လိုအပ်သည့်ဆန်နှင့် ငွေသားများကို ကူညီပေးအပ်မှုများ ပြုလုပ်ပေးထားကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး