Mytel အော်ပရေတာ မသုံးရန် ရေဘဝဲအဖွဲ့ တိုက်တွန်း

Mytel အော်ပရေတာ မသုံးရန် ရေဘဝဲအဖွဲ့ တိုက်တွန်း

ဂန္ဒမာ (မဇ္ဈိမ)။ ။ စစ်ကောင်စီ၏ Mytel အော်ပရေတာကို သုံးစွဲခြင်းမပြုရန် ပြည်သူများအား တိုက်တွန်းလှုံဆော်သည့် လှုပ်ရှားမှုကို ရန်ကုန်မြို့တနေရာ၌ အောက်တိုဘာလ ၈ ရက်တွင် ရေဘဝဲပြည်သူ့အကျိုးပြု လူငယ်အဖွဲ့ အစည်းက ပြုလုပ်ခဲ့သည်။

အဆိုပါလှုပ်ရှားမှုတွင် “မိုင်တဲကိုမိုက်မဲစွာ သုံးစွဲခြင်းမှ ရှောင်ကြဉ်ကြ” စာသားပါ ဘန်နာအား ချိတ်ဆွဲကာ စီးပွားရေးပြစ်ဒဏ်ခတ်ရန် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုတိုက်တွန်းလှုံ့ဆော်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။

“MYTEL ဖုန်းဘေလ် ၄၀၀ ကျပ်တိုင်းဟာ သူတို့အတွက် ကျည်ဆန် တထောင့်စီ ရရှိနေပါတယ်။ အဲဒီအတွက် MYTEL နဲ့ ပတ်သက်သမျှ ဆင်းကတ်မသုံးဘူး။ ဖုန်းဘေမရောင်းဘူး။ အဲ့နံပါတ်နဲ့ဖုန်းခေါ်လာရင် မကိုင်ဘူး။ ဘာပရိုမိုရှင်းတွေပေးပေး MYTEL ဖိုင်ဘာအင်တာနက်မတပ်ဘဲ အရင်ကထက်ပိုပြီး စည်းစနစ်တကျ ပြတ်ပြတ်သားသား သပိတ်မှောက် Boycott ကြပါစို့လို့ ရေဘဝဲ ကတိုက်တွန်းအပ်ပါတယ်ခင်ဗျာ” ဟု ရေဘဝဲ ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း ဥက္ကဋ္ဌက ဖြေကြားသည်။

စစ်ကောင်စီ၏ ဝင်ငွေ ဖြတ်တောက်ပြီး ပြည်သူ့ဘဏ္ဏာတည်ဆောက်ရန် မိုင်တဲလ် သုံးစွဲမှုအား ရှောင်ကြဉ်သင့်ပြီး ဘဏ္ဍာရေးတိုက်ပွဲ၊ ပြည်သူတရပ်လုံး ဆင်နွှဲကြရန် ၎င်းက တိုက်တွန်းထားသည်။

“တော်လှန်ရေးသမားတွေကို အဖက်ဖက်က ဖိနှိပ်ဖို့ စစ်ကောင်စီက အဖက်ဖက်က အကျိုးမြတ်ကို ရသလိုရှာနေမှာပါပဲ။ မြန်မာနိုင်ငံရဲ့ ၇၀ ရာခိုင်နှုန်း အကျိုးစီးပွား က စစ်ကောင်စီရယ် ၊ ခရိုနီရယ် အကျိုးတူပိုင်ဆိုင်မှုတွေကြီးပါပဲ။ ပြည်သူတွေအနေနဲ့ကတော့ စစ်တပ်ထုတ်ကုန်တွေကို ကိုယ်လုံခြုံမှုအပိုင်းကနေ သပိတ်မှောက်ကြပါ ။ တချို့ခြေနေတွေကိုလည်း နားလည်ပါတယ် ။ တတ်နိုင်သလောက် ညီညီညွတ်ညွတ်နဲ့ လုပ်နိုင်ရင်တော့ အကောင်းဆုံးပေါ့ ” ဟု မြို့ပြအထူးစစ်ဆင်ရေး(U.F.O) ကို ဆောင်ရွက်နေသော မြို့ပြပြောက်ကျားများကလည်း ပြည်သူလူထုကို တောင်းဆိုသည်။

မိုင်တဲလ်မိုဘိုင်းအင်တာနက်ကွန်ရက်အား ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံ၌ စတင်ဝန်ဆောင်မှုပေးခဲ့ပြီး စစ်ကောင်စီတပ်၏ ဝင်ငွေရရှိသည့် အရင်းအမြစ်တခုဖြစ်သဖြင့် တော်လှန်ရေးအင်အားစုများနှင့် ရဲဘော်များက မိုင်တဲလ်အော်ပရေတာသုံးစွဲမှုအား ရပ်တန့်ရန် တိုက်တွန်းနှိုးဆော်ကြခြင်းဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး