လေ့လံပစ်ခံရမည့် ခြံအမှတ် (၅၄) အမှု ဒေါ်အောင်ဆန်းစုကြည်ဘက်က ပြင်ဆင်မှုတက်

ခြံအမှတ် (၅၄) ကို တွေ့ရစဉ်

001

(မဇ္ဈိမ) ။ ။ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄) အား ကြမ်းခင်းဈေး သတ်မှတ်ပြီး လေလံပစ်ရန် ဆောင်ရွက်သည့်အပေါ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က ရန်ကုန်တိုင်းတရားရုံးတွင် ပြင်ဆင်မှုတက်ထားကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

နေပြည်တော်အချုပ်ထောင်မှတဆင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံက ကိုယ်စားလှယ်လွှဲစာ ရရှိပြီးနောက် လွန်ခဲ့သည့် တပတ်ခန့်က တရားရုံးတွင် ပြင်ဆင်မှုတက်ခဲ့ခြင်းဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူများက ပြောသည်။

“ထောင်ကို လိပ်မူပြီး ပေးလိုက်ရင် ထောင်ကနေ (လက်မှတ်) ထိုးပြီးတော့မှ ပြန်ပြီးတော့ပေးတာ။ (လေလံပစ်မယ့်ကိစ္စ)သိတယ်၊ မသိဘူးဆိုတာ ကျွန်တော်တို့ မသိဘူး။ ပြင်ဆင်မှုတက်ဖို့ဘာညာပေါ့။ အဲ့တာကလည်း ပါဝါမှာ ပြင်ဆင်မှုလို့ပဲပါတယ်။ ဘယ်အကြောင်းအရာဆိုတာ မပါဘူး” ဟု တရားရုံးနှင့် နီးစပ်သူတဦးက ပြောသည်။

လက်ရှိ တက်ထားသည့် ပြင်ဆင်မှုကို တရားရုံးက လက်ခံ၊ မခံ လျှောက်လဲချက် ကြားနာပြီးမှသာ သိနိုင်မည်ဖြစ်သည်။ သို့သော်လည်း မည်သည့်နေ့တွင် လျှောက်လဲချက် ကြားနာမည်ကို မသိရသေးပေ။
ခြံအမှတ် (၅၄) ကို လေလံကြမ်းခင်းဈေး ကျပ် ၃၁၅ ဘီလီယံဖြင့် လာမည့် မတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ၎င်းပစ္စည်းတည်ရှိရာအရပ်၌ လေလံတင်ရောင်းချရန် ကမာရွတ်ခရိုင်တရားရုံးက ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်နေ့က ဆုံးဖြတ်ခဲ့သည်။

မတ်လ ၂၀ ရက်နေ့တွင် နှစ်ဧကနီးပါးရှိသည့် ခြံအမှတ် (၅၄) မြေကွက်ကြီးနှင့် မြေပေါ်ရှိ အဆောက်အဦးများ အပါအဝင် အကျိုးခံစားခွင့်အရပ်ရပ်ကို လေလံပစ်မည်ဖြစ်ကြောင်း ကမာရွတ်ခရိုင်တရားရုံးကလည်း ကြေညာထားသည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး ဒေါ်ခင်ကြည်အမည်ပေါက် ခြံအမှတ် (၅၄) ရှိ နှစ်ထပ်အိမ်နှင့် မြေတဝက်ကို ဒေါ်အောင်ဆန်းစုကြည်ကလည်းကောင်း၊ တထပ်တိုက်နှင့် မြေတဝက်ကို ဦးအောင်ဆန်းဦးကလည်းကောင်း ခွဲဝေယူရန် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက ၂၀၁၆ ခုနှစ်က အမိန့်ချမှတ်ထား ခြင်းဖြစ်သည်။

ထို့နောက် ဦးအောင်ဆန်းဦးက ယင်းအမိန့်အပေါ် မကျေနပ်သည့်အတွက် ခြံဝန်းတခုလုံးကို လေလံပစ်ပြီး ရရှိသည့် တန်ဖိုးကို တယောက်တဝက်ခွဲဝေယူရန် ၊ ဒေါ်ခင်ကြည်မသေဆုံးခင်က ၎င်း၏ တူဖြစ်သူ ဦးခင်မောင်အေးကို အမွေပေးခဲ့သည့် ခြံအမှတ် (၅၄) ထဲရှိ အိမ်တလုံးနှင့် မြေကိုပါ ထည့်သွင်းခွဲဝေရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်အထိ အယူခံအဆင့်ဆင့်တက်ခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။

သို့သော် စစ်တပ်က အာဏာသိမ်းပြီးနောက် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လထဲတွင် ဦးအောင်ဆန်းဦး၏ လျှောက်ထားချက်အတိုင်း တရားရုံးက ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

တဖက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ခြံအမှတ် (၅၄) ကို ကြားကာလအမျိုးသားအဆင့်ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ထားပြီး တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ပါက ဆက်စပ်ဥပဒေများဖြင့် ထိရောက်ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သတိပေးထားသည်။

စာတည်း။ ။ နောင်နောင်