Non- CDM ကျောင်းသားများ ကျောင်းတက်လိုပါက ဒဏ်ကြေးပေးရမည်ဟူသည့် ထုတ်ပြန်ချက် ပညာရေးဝန်ကြီးဌာန ခွင့်ပြုချက်မဟုတ်ဟု NUG ပြော

၂၀၂၂- ၂၀၂၃ တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက်ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများ (ဓာတ်ပုံ- စစ်ကောင်စီ)

YT

(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ ကြားကာလပညာရေးအတွက် ဖွင့်လှစ်ထားသော ပြည်သူ့ကျောင်းတွင် ကျောင်းတက်လိုသည့် Non- CDM ကျောင်းသားများအနေဖြင့် ဒဏ်ကြေးငွေပေးဆောင်ရမည်ဆိုသည့် ရေဦးမြို့နယ်ပညာရေးဘုတ်အဖွဲ့၏ ထုတ်ပြန်ချက်သည် ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်မပါကြောင်း NUG ပြောခွင့်ရ ဦးနေဘုန်းလတ်က ပြောသည်။

ဧပြီလ ၁၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်တွင် ရေဦးမြို့နယ်ရှိ ပြည်သူ့ကျောင်း၌ တက်လိုသည့် Non- CDM ကျောင်းသားများ အနေဖြင့် မူလတန်းဆိုပါက ၃၀၀,၀၀၀ ကျပ်၊ အလယ်တန်းနှင့် အထက်တန်းဆိုပါက ၅၀၀,၀၀၀ ကျပ် ပေးဆောင်ရမည်ဟု ရေဦးမြို့နယ် ပညာရေးဘုတ်အဖွဲ့က ဆိုထားသည်။

အဆိုပါ ထုတ်ပြန်ချက်သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက် မပါသကဲ့သို့ ညွှန်ကြားထားခြင်းလည်း မရှိကြောင်း NUG ပြောခွင့်ရ ဦးနေဘုန်းလတ်က ပြောသည်။

” (ပညာရေး) ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ လုပ်ခြင်းမဟုတ်ပါ။ အဲဒီ့လို လုပ်ဖို့လည်း ညွှန်ကြားထားခြင်းမရှိပါ။ ဒီလို သိရပါတယ်ဗျ” ဟု ဦးနေဘုန်းလတ်က ပြောသည်။

ရေဦးမြို့နယ်အတွင်း စစ်ကျွန်ပညာရေးကိုအကောင်အထည်ဖော်ပေးခဲ့ကြသည့် Non- CDM များနှင့် ကျောင်းသားမိဘများကို အရေးယူသည့်အနေဖြင့် ယခုစာကို ထုတ်ပြန်၍ ဒဏ်ကြေးငွေ သတ်မှတ်ခြင်းဖြစ်သည်ဟု ရေဦးမြို့နယ် ပညာရေးဘုတ်အဖွဲ့က ဆိုသည်။

သို့သော် မိသားစုတစုတွင် ကျောင်းသား အရေအတွက် မည်မျှ ရှိစေကာမူ အတန်းမြင့်သည့် တဦးအတွက်သာ ပေးဆောင်ရမည်ဖြစ်ပြီး စစ်ကောင်စီလက်အောက်၌ ပြီးဆုံးခဲ့သည့် အတန်းအတွက်လည်း စစ်ဆေးအကဲဖြတ်မှု ခံယူရမည်ဖြစ်ကြောင်း ဆိုထားသည်။

အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ရေဦးမြို့နယ်ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ကိုသင်္ကြန်ဖြိုးထံ မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့ရာ ရေဦးမြို့နယ်ပညာရေးဘုတ်အဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်သာ ဖြစ်ပြီး ရေဦးမြို့နယ်အတွက်သာ ဖြစ်ကြောင်း ပြောသည်။

” ကျနော်တို့ဘက်ကလည်း CDM ဆရာ၊ ဆရာမများကျောင်းသားများနဲ့ ပြည်သူ့မျက်နှာများကိုသာ တွေးပြီး အခုလို့ထုတ်ပြန်ရတာဖြစ်ပါတယ်။ ရေဦးမြို့နယ်မှာတင် စစ်ကောင်စီ မီးရှို့ဖျက်ဆီးကျောင်း တကျောင်း၊ စာသင်ကျောင်း ငါးကျောင်းကို လေကြောင်းတိုက်ခိုက်မှု ရှစ်ကြိမ်ပြုလုပ်ထားတဲ့အတွက် အစည်းအဝေးခေါ်ယူဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ စကစကျောင်းသွားထားတဲ့မိဘတွေဟာ ပြည်သူ့အခြေပြုကျောင်းကို မယုံကြည်ဘဲသွားကြပြီး အခုလတ်တလော ထုတ်ပြန်လိုက်တဲ့ စကစရဲ့ စစ်မှုထမ်းဥပဒေကို ကြောက်လို့ ပြန်ရောက်လာကြတာ” ဟု ပြောသည်။

ရေဦးမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ၏ အဆိုအရ NUG၊ ပညာရေးဝန်ကြီးဌာန၏ မူဝါဒထွက်လာပါက ယခု ထုတ်ပြန်ကြေညာချက်သည် ပျက်ပြယ်သွားမည်ဖြစ်ကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး