စစ်တောင်းတံတား(မုပ္ပလင်)ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များ ဒရုန်းဖြင့် တိုက်ခိုက်ခံရ

စစ်တောင်းတံတားထိပ်ရှိ စစ်ဆေးရေးဂိတ်များကို တိုက်ခိုက်ရန်ပြင်ဆင်နေသည့် ရဲဘော်များ (ဓါတ်ပုံ-ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့)

YT

(မဇ္ဈိမ)။ ။ပဲခူးတိုင်းနှင့် မွန်ပြည်နယ်ကိုဆက်သွယ်ထားသည့် စစ်တောင်းတံတား(မုပ္ပလင်)ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များ ဒရုန်းဖြင့်တိုက်ခိုက်ခံရသည်ဟု တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများထံက သိရသည်။

ဧပြီလ ၂၃ ရက်နေ့ နံနက် ၄ နာရီခွဲမှစ၍ နံနက် ၁၀ နာရီခွဲအထိ ဝေါမြို့နယ်ဘက်ခြမ်း သပြေကန်ကျေးရွာ အနီးရှိ စစ်ဆေးရေးဂိတ်၊ ကျိုက်ထိုမြို့နယ်ဘက်ခြမ်း တံတားထိပ်ရှိစစ်ဆေးရေးဂိတ်နှင့် မုပ္ပလင်ရွာရှိ စစ်ကောင်စီတပ်စွဲထားရာ စာသင်ကျောင်းဟောင်းတို့ကို ဒရုန်းဖြင့် ဗုံးသီးများကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း တိုက်ခိုက်မှုတွင်ပါဝင်ခဲ့သည့် မြေပြင်ရဲဘော်တဦးထံက သိရသည်။

အဆိုပါနေရာများကို ပြင်းအားမြှင့် ဗုံးသီးကိုးလုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှပြန် လည်ပစ်ခတ်မှုများရှိသည်ဟု သိရသည်။

“ပြင်းအားမြှင့်ဗုံးဆိုတာက အက်စစ်ကနေတဆင့် ကျန်တဲ့လိုအပ်တဲ့အရာတွေ ပေါင်းစပ်ထားတဲ့ ဗုံးသီး အမျိုးအစားပါပဲ။ တော်တော်တော့ ပြင်းထန်ပါတယ်။ အနည်းဆုံး မီတာ ၈၀၀ နဲ့ ၁၀၀၀ ကြား တုန်ခါ ထိ ခိုက်နိုင်တယ်။ ကျွန်တော်ကိုယ်တိုင် ပါဝင်တိုက်ခိုက်ခဲ့တဲ့အတွက် မျက်မြင်ကိုယ်တွေ့ပါ” ဟု မြေပြင် ရဲဘော်ကပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုများကို ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့၏ Yangon Drone Arms ဒရုန်း တပ်ဖွဲ့နှင့် ERO ညီနောင်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ပြင်းအားမြှင့် ဗုံးသီးများ အသုံးပြုခဲ့သည်ဟု PDF – ခရမ်းက ထုတ်ပြန်ထားသည်။

ဒရုန်းဖြင့်တိုက်ခိုက်ခံရမှုကြောင့် ကျိုက်ထိုမြို့နယ်ဘက်ခြမ်း၊ စစ်တောင်းတံတားထိပ်ရှိ စစ်ဆေးရေးဂိတ် မှ စစ်ကောင်စီတပ်သားလေးဦးသေဆုံးသည်စု ကနဦးသတင်းရကြောင်းနှင့် အသေးစိတ်ကို စုံစမ်းနေဆဲ ဖြစ်သည်ဟု မြေပြင်ရဲဘော်နှင့် PDF- ခရမ်းထံမှ သိရသည်။

စစ်ကောင်စီဝါဒဖြန့်ချန်နယ်များတွင်မူ စစ်တောင်းမြစ်ကူးတံတားထိပ်ရှိဂိတ်များ တိုက်ခိုက်ခံရမှုအတွင်း ထိခိုက်ပျက်စီးမှုမရှိကြောင်း ရေးသားဖော်ပြနေကြသည်။

ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုတာဝါတိုင်၊ ရှော်နီကုန်း၊ လက်ပံပင် သင်္ချိုင်းတို့ရှိ စစ်ကောင်စီအထိုင်ချယာယီစခန်းများကို တပ်မဟာ(၁)KNLA ၊ PDF- ခရမ်း၊ ကျိုက်ထို တော်လှန်ရေးအင်အားစု (KRF)၊ ကျိုက်ထိုပကဖ ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်ခဲ့ သည်ဟု သိရသည်။

စာတည်း။ ။စောဖေ