လိုင်ဇာမြို့အနီး စစ်ရှောင်စခန်းကို စစ်တပ်က တိုက်ခိုက်၍ ကလေးများ အပါအဝင် လူ ၂၉ ဦး သေဆုံး

လိုင်ဇာမြို့အနီး စစ်ရှောင်စခန်းကို စစ်တပ်က တိုက်ခိုက်၍ ကလေးများ အပါအဝင် လူ ၂၉ ဦး သေဆုံး

မြန်မာနိုင်ငံ မြောက်ပိုင်းရှိ စစ်ဘေးရှောင်စခန်းတခု အာဏာသိမ်းစစ်တပ်၏ တိုက်ခိုက်ခြင်းကို ခံရခြင်းကြောင့် လူ ၂၉ ဦးထက်မနည်း သေဆုံးပြီး လူအများအပြား ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း အဆိုပါ ဧရိယာကို ထိန်းချုပ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူတဦးက အေအက်ဖ်ပီကို အောက်တိုဘာ ၁၀ ရက်တွင် ပြောသည်။

တိုက်ခိုက်မှုသည် အောက်တိုဘာ ၉ ရက် ည ၁၁ နာရီ ခွဲ ဝန်းကျင်ခန့်က ဖြစ်ပွားခြင်း ဖြစ်ကြောင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက အေအက်ဖ်ပီကို ပြောသည်။

“ကလေးငယ်တွေနဲ့ သက်ကြီးတွေ အပါအဝင် သေဆုံးသူ ၂၉ ဦး တွေ့ပါတယ်။ အခြား ၅၆ ယောက် ထိခိုက်ဒဏ်ရာရပါတယ်” ဟု ၎င်းက ပြောသည်။ မည်သည့် တိုက်ခိုက်မှုအမျိုးအစားကြောင့် စစ်ရှောင်စခန်းကို ထိမှန်ခဲ့သလဲ ဆိုသည်ကို စုံစမ်းစစ်ဆေးနေကြောင်း ၎င်းက ပြောသည်။

“လေယာဉ်ပျံသန်းသံကိုတော့ ကျွန်တော်တို့ မကြားခဲ့ပါဘူး” ဟု ၎င်းက ပြောသည်။ ယင်းအတွက်ကြောင့် စစ်ကောင်စီအနေဖြင့် တရုတ်နယ်စပ်ရှိ လိုင်ဇာမြို့အနီး ထိုစစ်ရှောင်စခန်းကို ဒရုန်းအသုံးပြု တိုက်ခိုက်ခဲ့သလား ဆိုသည်ကို လေ့လာစစ်ဆေးလျက် ရှိကြောင်း ၎င်းက ပြောသည်။

KIA သည် စစ်တပ်နှင့် ဆယ်စုနှစ်များကြာ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့ပြီး ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြင်းထန်သည့် တိုက်ခိုက်မှုများ ပေါ်ပေါက်နေခဲ့သည်။

ယမန်နှစ် အောက်တိုဘာလကလည်း KIA ကျင်းပသည့် တေးဂီတဖျော်ဖြေပွဲတခုကို အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် လူ ၅၀ ခန့် သေဆုံးပြီး အခြားလူ ၇၀ ခန့် ဒဏ်ရာရရှိခဲ့သည်။