ဘန်ကောက် ကွန်ဒို ၂ ခန်း မဲဖောက်မည့် အစီအစဉ် မဲလက်မှတ် ၃၀၀ နီးပါး ကြိုတင်ဝယ်ယူထားဟုဆို

ဘန်ကောက် ကွန်ဒို ၂ ခန်း မဲဖောက်မည့် အစီအစဉ် မဲလက်မှတ် ၃၀၀ နီးပါး ကြိုတင်ဝယ်ယူထားဟုဆို

Cobra Column Fundraising Teamက ထုတ်ပြန်ထားသည့်ကွန်ဒိုပုံ။

001 (မဇ္စျိမ) ။ ။ လွိုင်ကော် PDF နှင့် ကော်ဘရာစစ်ကြောင်းတို့ ပူးပေါင်းဆောင်ရွက်သည့် ဘန်ကောက်မြို့​​ပေါ်ရှိ ကွန်ဒိုနှစ်ခန်း မဲဖောက်ပေးမည့် အစီအစဉ်အတွက် မဲလက်မှတ် ၃၀၀ နီးပါး ကြိုတင်ဝယ်ယူမှု ရှိထားပြီးဖြစ်ကြောင်း Cobra Column Fundraising အဖွဲ့ဝင်တဦးက ပြောသည်။

အဆိုပါ ကွန်ဒို တခန်းလျှင် တန်ကြေး ဘတ် ၁၄ သိန်း ရှိကြောင်း Cobra Column Fundraising Team က ထုတ်ပြန်ထားပြီး စုစုပေါင်း မဲလက်မှတ် ၁၀,၀၀၀ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ကမ်ပိန်းကို အလှူငွေလုပ်တာထက်စာရင် ပြည်သူတွေလည်း ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ဆိုရင်လည်း ဒီဟာက အဆင်ပြေတယ်ပေါ့နော်။ ပေါက်သွားတဲ့အခါ ၊ ပြီးတော့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ဆိုရင်လည်း တော်လှန်ရေးလုပ်ပြီးတော့ မဲဆောက်ဘက်မှာ လာနေရတဲ့သူအချို့ရှိတယ်၊ သူတို့အတွက်ဆိုရင်လည်း အဆင်ပြေတယ်ပေါ့နော်”ဟု အဆိုပါ အဖွဲ့ဝင်က ပြောသည်။

မဲလက်မှတ်တစောင်လျှင် မြန်မာကျပ်ငွေဆိုပါက ၅၀,၀၀၀ ကျပ် ၊ အမေရိကန်ဒေါ်လာဆိုပါက ၁၇ ဒေါ်လာနှင့် ထိုင်းဘတ်ငွေဆိုပါက ၆၀၀ ဘတ် သတ်မှတ်ထားကြောင်း သိရသည်။

မဲလက်မှတ်ကို ယနေ့ နိုဝင်ဘာလ ၃ ရက်နေ့ညပိုင်း သို့မဟုတ် နိုဝင်ဘာလ ၄ ရက်နေ့တွင် တရားဝင် စတင်ရောင်းချပေးသွားမည်ဖြစ်ပြီး လက်ရှိတွင်လည်း ကြိုတင်ဝယ်ယူမှုများရှိနေကြောင်း သိရသည်။

“လွိုင်ကော် PDF က မဲ ၅,၀၀၀ ၊ ကော်ဘရာက မဲ ၅ ၀၀၀ ပေါ့။ အဲ့ဒီဟာ ၁၀,၀၀၀ ပြည့်သွားပြီဆိုရင် တခါတည်း မဲဖောက်ပေးပြီးတော့ သော့ကို ပေါက်တဲ့လူကို အပ်သွားပေးမှာပေါ့။ ကုန်တာနဲ့ တခါတည်း ရပ်လိုက်မှာပေါ့”ဟု ဆိုသည်။

မဲဖောက်ပေးမည့် ကွန်ဒိုအခန်းအား မလိုချင်ဘဲ ငွေသားသာရယူလိုပါကလည်း ဘတ်ငွေ တသန်းကို ချက်ချင်းထုတ်ယူနိုင်မည်ဖြစ်ကြောင်း ကြေညာထားသည်။

လက်ရှိ မြေပြင်တွင် စစ်ဆင်ရေးဆောင်ရွက်နေသည့် စစ်ကြောင်းများအတွက် ခဲယမ်းလိုအပ်ချက်မှာ အဓိကစိန်ခေါ်မှုဖြစ်နေပြီး ရရှိသည့် ရန်ပုံငွေများကို ခဲယမ်းလိုအပ်ချက်အတွက်လည်း ဖြည့်ဆည်းသွားမည်ဖြစ်ကြောင်း Cobra Column Fundraising Team ထံမှ သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)