ကချင်ပြည်နယ်၌ မြန်မာစစ်ကောင်စီ၏ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို တီမောသမ္မတ ဆန့်ကျင်ပြောဆို

ကချင်ပြည်နယ်၌ မြန်မာစစ်ကောင်စီ၏ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို တီမောသမ္မတ ဆန့်ကျင်ပြောဆို

ကချင်ပြည်နယ်၊ လိုင်ဇာမြို့၊ မုန်လိုင်ခက်ရွာ စစ်ဘေးရှောင်စခန်း၌ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးများ အပါအဝင် လူ ၃၀ ဦးကို စစ်ကောင်စီက လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်မှုနှင့်ပတ်သက်ပြီး တီမောလက်စ်တီ သမ္မတ ဟိုဆေး ရာမို့စ် ဟော်တာက ယနေ့တွင် ဖေ့ဘွတ်မှတဆင့် ပွင့်ပွင့်လင်းလင်း ပြောဆိုသည်။

နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် တီမော သမ္မတက သူ၏ ဖေ့ဘွတ်ခ် စာမျက်နှာတွင် အဆိုပါ ဖြစ်စဉ်၏ အနိဋ္ဌာရုံ ဓာတ်ပုံတချို့ကို တင်ပြီး အောက်ပါ မှတ်ချက်စကား ရေးသားခဲ့သည်။

“အခုပဲ မြန်မာနိုင်ငံမှာ စစ်တပ်က လုံးလုံးလျားလျား ပြစ်ဒဏ်ခတ်မခံရဘဲနဲ့ ကိုယ့်ပြည်သူတွေ၊ အရပ်သားတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေကို ဆက်ပြီး သတ်ဖြတ်နေတယ်” ဟု ပြောသည်။

ရာမို့စ် ဟော်တာသည် မြန်မာ့ တော်လှန်ရေး လှုပ်ရှားမှုနှင့် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ကို ထောက်ခံသူဖြစ်ပြီး NUG ကိုယ်စားလှယ်နှင့်လည်း တွေ့ဆုံထားခဲ့သည်။

အောက်တိုဘာ ၉ ရက် ည ၁၁ နာရီ ခန့်နှင့် အောက်တိုဘာ ၁၀ ရက် မနက် ၁ နာရီအကြား အချိန်တွင် စစ်တပ်၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု လေးကြိမ် လုပ်ဆောင်မှုကြောင့် လူ ၃၀ ထက်မနည်း သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရခဲ့မှုနှင့်ပတ်သက်ပြီး တီမောလက်စ်တီ သမ္မတက ကန့်ကွက်ညည်းတွား ပြောဆိုခြင်း ဖြစ်သည်။

စစ်ဘေးရှောင် ပြည်သူများ အိပ်ပျော်နေချိန် ညသန်းခေါင်ယံအချိန်တွင် တိုက်ခိုက်မှုဖြစ်ပွားခြင်း ဖြစ်ကြောင်း မျက်မြင်သိရှိသူတဦးအရ သိရသည်။

ယခု မုန်လိုင်ခတ်ရွာ စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရမှုဖြစ်စဉ်သည် ယမန်နှစ် နိုဝင်ဘာ ၂၄ ရက်က ဖားကန့်မြို့ အနန်ပါ ကျေးရွာ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု ခံရသည့် ဖြစ်စဉ် နောက်ပိုင်း ဒုတိယမြောက် သေဆုံးထိခိုက်မှုနှုန်း အမြင့်ဆုံး ဖြစ်စဉ်လည်း ဖြစ်သည်။

ထိုကျေးရွာသည် တရုတ်နယ်စပ်အနီး ကချင်လွတ်မြောက်ရေးတပ်မ‌တော် (KIA) ဌာနချုပ်နှင့် ၃ မိုင်ခန့် အကွာတွင် ရှိကြောင်း သိရသည်။