ဂျမူးနှင့်ကက်ရှ်မီးယားဒေသတွင် သင့်တော်သည့် အချိန်၌ ရွေးကောက်ပွဲများ ကျင်းပမည်

ဂျမူးနှင့်ကက်ရှ်မီးယားဒေသတွင် သင့်တော်သည့် အချိန်၌ ရွေးကောက်ပွဲများ ကျင်းပမည်

ဂျမူးနှင့်ကက်ရှ်မီးယားဒေသတွင် မဲရုံများ၏ လုံခြုံရေးအခြေအနေကို ထည့်သွင်းစဉ်းစား၍ သင့်တော်သည့်အချိန်၌ ရွေးကောက်ပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၈ ရက်တွင် ပြောကြားလိုက်သည်။

ပြည်နယ် ၅ ခုတွင် လွှတ်တော်ရွေးကောက်ပွဲကျင်းပမည့်အချိန်ကို ကြေညာသည့် သတင်းစာရှင်းလင်းပွဲတွင် ရွေးကောက်ပွဲကော်မရှင်ဉက္ကဋ္ဌ ရာဂျိဗ် ကူးမားရ်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

လုံခြုံရေးအခြေအနေနှင့် ပြည်ထောင်စုနယ်မြေတွင် ကျင်းပလျက်ရှိသော အခြားရွေးကောက်ပွဲများကို ထည့်သွင်းစဉ်းစား၍ သင့်လျော်မှန်ကန်သည့် အချိန်ကောင်းဖြစ်သည်ဟု ကော်မရှင်က ယူဆသည့်အခါ ဂျမူးနှင့် ကက်ရှ်မီးယားဒေသတွင် ရွေးကောက်ပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“အလကားပေးမယ်ဆိုတဲ့ ကြေညာချက်တွေဟာ လူထုအကျိုးအတွက်ဆိုပြီး အမြဲတမ်း ဆွဲဆောင်စည်းရုံးတဲ့အရာတွေ ဖြစ်ပါတယ်။ ဒီလို အလားကားပေးမည့်အရာတွေ ဘယ်ကရလာသလဲဆိုတာ ပြည်သူတွေ သိပိုင်ခွင့်ရှိပါတယ်” ဟု ကူးမားရ်က အခြားမေးခွန်းတစ်ခုကို ဖြေကြားရာတွင် ပြောကြားခဲ့သည်။

ချာတစ်စ်ဂါ့၊ မာ့ဒ်ယာ၊ ရာဂျာစသန်၊ တယ်လန်ဂါနာနှင့် မီဇိုရမ်ပြည်နယ်တို့တွင် နိုဝင်ဘာလ ၇ ရက်မှ ၃၀ ရက်အထိ မတူညီသော ရက်များတွင် ရွေးကောက်ပွဲများ ကျင်းပသွားမည်ဖြစ်ပြီး ၎င်းပြည်နယ် ၅ ခုအတွက် မဲများကို ဒီဇင်ဘာလ ၃ ရက်နေ့တွင် ရေတွက်သွားမည်ဖြစ်ကြောင်းနှင့် ၂၀၂၄ ခုနှစ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ခြင်းဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ပြောကြားခဲ့သည်။ အဆိုပါ ရွေးကောက်ပွဲသည် လာမည့်နှစ်တွင်ကျင်းပမည့် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ မတိုင်မီ နောက်ဆုံးကျင်းပမည့် လွှတ်တော်ရွေးကောက်ပွဲဖြစ်သည်။

ရွေးကောက်ပွဲဆိုင်ရာ သိမ်းဆည်းရမိမှုများအား စီမံခန့်ခွဲရေး အီလက်ထရွန်းနစ်စနစ်(ESMS)ကို ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲတွင် ပထမဆုံးအကြိမ် စတင်အသုံးပြုသွားမည်ကြောင်း အိန္ဒိယရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့သည်။

၎င်း ESMS နည်းပညာဆိုသည်မှာ ပြည်နယ်နှင့်ဗဟိုတရားဥပဒေစိုးမိုးရေးအဖွဲ့များက မြေပြင်တွင် သိမ်းဆည်းရမိသည့် နောက်ဆုံးရသတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ဖော်ပြပေးမည့် နည်းပညာ ပလက်ဖောင်းတစ်ခုဖြစ်ပြီး ယင်းအဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ထောက်လှမ်းရေး သတင်းအချက်အလက် မျှဝေမှုကို ချောမွေ့စွာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

မဲရုံစုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းဖြစ်သော မဲရုံပေါင်း ၁ သိန်းကျော်တွင် အင်တာနက်မှတစ်ဆင့် တိုက်ရိုက်စောင့်ကြည့်မည့် နည်းပညာများ တပ်ဆင်သွားမည်ဖြစ်ကြောင်း၊ ပြည်နယ် ၅ ခုတွင် စံပြမဲရုံ ၁၇၇၃၄ ရုံ ထားရှိသွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ဉက္ကဋ္ဌ ရာဂျိဗ် ကူးမားရ်က ပြောကြားခဲ့သည်။

By The Telegraph Online