ဖာလွန်ဂေါင်အဖွဲ့ဝင်များကို ညှဥ်းပန်းနှိပ်စက်မှုနှင့် ကိုယ်တွင်းအင်္ဂါများ ထုတ်ယူမှုအတွက် တရုတ်ကို ဥရောပပါလီမန် ပြစ်တင်ရှုတ်ချ

Bitter Winter

တရုတ်နိုင်ငံတွင် ဖာလွန်ဂေါင်ဘာသာရေးအသင်းအဖွဲ့ဝင်များကို ညှဥ်းပန်းနှိပ်စက်မှုသည် ၂၀၂၃ ခုနှစ်တွင်လည်း လျော့နည်းသွားခြင်းမရှိဘဲ ဥရောပပါလီမန်မှထုတ်ပြန်သော အစီရင်ခံစာအရ ၂၀၂၃ ခုနှစ်တွင် ညှဥ်းပန်းနှိပ်စက်ခံရမှုကြောင့် သေဆုံးသည့် ဖြစ်စဉ်အသစ်ပေါင်း ၂၀၉ ခုရှိပြီး ၁၉၉၉ ခုနှစ်နောက်ပိုင်း ထိုသို့ သေဆုံးသူစုစုပေါင်း ၅, ၀၀၀ ကျော်ရှိပြီဖြစ်သည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၈ ရက်တွင် ဥရောပပါလီမန်က တရုတ်တွင် လက်ရှိဖြစ်ပျက်နေသော ဖာလွန်ဂေါင်းအဖွဲ့ဝင်များအပေါ် ညှဥ်းပန်းနှိပ်စက်မှု အထူးသဖြင့် တိန့်ယွမ်တဲကိစ္စအပေါ် ဆုံးဖြတ်ချက်ကို သဘောတူလက်ခံခဲ့သည်။ ထိုဆုံးဖြတ်ချက်တွင် ဝီဂါနှင့်တိဗက်လူမျိုးများအပါအဝင် ဖာလွန်ဂေါင်အကျင့် ကျင့်ကြံသူများနှင့်တခြားလူနည်းစုများအပေါ် ညှဥ်းပန်းနှိပ်စက်မှုကို ချက်ချင်းအဆုံးသတ်ရန် တရုတ်နိုင်ငံအား တိုက်တွန်းထားပြီး ဘာသာရေးလွတ်လပ်ခွင့်အပေါ် ပြည်တွင်းနှင့်နိုင်ငံဖြတ်ကျော်စောင့်ကြည့်ခြင်း၊ ထိန်းချုပ်ခြင်းနှင့် ဖိနှိပ်ခြင်းများ ရပ်တန့်ရန်လည်း တောင်းဆိုထားသည်။ ထိုဖြစ်စဉ်များအတွက် ဥရောပပါလီမန်က တရုတ်အား နိုင်ငံတကာဥပဒေနှင့်ကိုယ်ပိုင်ဥပဒေများကို လိုက်နာရန်နှင့် လူအခွင့်အရေးကို လေးစားကာကွယ်ရန် အသိပေးခဲ့သည်။

တကယ်တမ်းတွင် အာဏာသံပါသည်ဖြစ်စေကာမူ အစိုးရကြေညာချက်များသည် လက်ခံနိုင်ဖွယ်အပြုအမူများ လိုက်နာရန် ခက်ထန်သောအစိုးရများအား တိုက်တွန်းရန် မလုံလောက်ပါ။ နိုင်ငံတကာတွင် အားကောင်းသော အာဏာရှင်အစိုးရများသည် စာရွက်စာတမ်းမျှလောက်ကို မကြောက်ရွံ့ကြောင်း အားလုံးသိပြီးဖြစ်သည်။ သို့သော် ဥရောပပါလီမန်၏ မကြာသေးမီက ချမှတ်ခဲ့သောဆုံးဖြတ်ချက်ကဲ့သို့သော စာတမ်းများကို ဘယ်သောအခါမျှ လျှော့မတွက်သင့်ပေ။

ဇန်နဝါရီ ၁၈ ရက်ကထုတ်ပြန်သော ဥရောပပါလီမန်ဆုံးဖြတ်တွင် တရုတ်နှင့် တရားခံလွှဲပြောင်းရေးဆိုင်ရာ သဘောတူညီချက်များကို ဆိုင်းငံ့ထားရန် အီးယူအဖွဲ့ဝင်နိုင်ငံများကို အကြောင်းကြားထားသည်။ လူ့အခွင့်အရေး၊ ဒီမိုကရေစီနှင့်တရားဥပဒေစိုးမိုးရေးကိုလေးစားလိုက်နာရန် အလေးပေးပြောဆိုလျက် ဥရောပပါလီမန်က ဖာလွန်ဂေါင်အဖွဲ့ဝင်များ ညှဥ်းပန်းနှိပ်စက်ခံရမှုကို နိုင်ငံတကာမှ စုံစမ်းစစ်ဆေးရေးကို ပံ့ပိုးပေးရန်နှင့် ဘာသာရေးလူနည်းစုများကို နှိပ်စက်ညှဥ်းပန်းမှုအကြောင်း တရုတ်အာဏာပိုင်များနှင့် နိုင်ငံရေးနှင့်လူအခွင့်အရေးဆွေးနွေးပွဲများအတွင်း အလေးထားဆွေးနွေးရန် ဥရောပသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများအား တောင်းဆိုထားသည်။ ထို့နောက် ဥရောပပါလီမန်က ကြေညာချက်အရ အရေးယူဆောင်ရွက်နိုင်ရေးအတွက် ရုံးတင်စစ်ဆေးမှုများကို စောင့်ကြည့်ရန် အဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်ဆိုင်ရာ ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့ကို မေတ္တာရပ်ခံထားသည်။

ဆုံးဖြတ်ချက်တွင် ကိုယ်တွင်းအင်္ဂါများထုတ်ယူခံရသည့် ကြောက်မက်ဖွယ်ဖြစ်စဉ်များကိုလည်း ဖော်ပြထားပြီး ဖာလွန်ဂေါင်အဖွဲ့ဝင်များသည် သမိုင်းတလျှောက် တရုတ်အစိုးရ၏ နှိပ်စက်ခံအဖြစ် သတ်မှတ်ခံထားရသည်။ တရုတ်တွင်ဖြစ်ပွားနေသော ကိုယ်တွင်းအင်္ဂါအစားထိုးခွဲစိတ်မှုဆိုင်ရာ အလွဲသုံးစားလုပ်မှုများကို လူသိရှင်ကြား ရှုတ်ချရန်နှင့် တရုတ်နိုင်ငံနှင့်ပြည်ပရှိ ဖာလွန်ဂေါင်အသင်းဝင်များကို နှိပ်စက်ညှဥ်းပန်းမှုတွင် ပါဝင်သော ကျူးလွန်သူများနှင့်အဖွဲ့အစည်းများကို အီးယူ၏ ကမ္ဘာ့လူ့အခွင့်အရေးဆိုင်ရာဒဏ်ခတ်ပိတ်ဆို့မှုနှင့် နိုင်ငံအလိုက် လူ့အခွင့်အရေးဆိုင်ရာဒဏ်ခတ်ပိတ်ဆို့မှုများကို အသုံးချရန် အီးယူနှင့်အဖွဲ့ဝင်နိုင်ငံများအား တောင်းဆိုခဲ့သည်။

ထို့ပြင် ကြေညာချက်၌ အီးယူ၏ အရေးယူဆောင်ရွက်မှုများတွင် ထိုသို့ စက်ဆုပ်ဖွယ်ရာများကို ကျူးလွန်သူများအား ဗီဇာငြင်းဆိုခြင်း၊ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်း၊ အီးယူနယ်မြေများမှ နှင်ထုတ်ခြင်း၊ နယ်မြေပြင်ပတရားစီရင်ပိုင်ခွင့်အပေါ် အခြေခံ၍ ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုခြင်းနှင့် နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ စွဲချက်တင်ခြင်းပါဝင်သင့်သည်ဟု အလေးပေးဖော်ပြထားသည်။

ဥရောပပါလီမန်က တရုတ်ဆိုင်ရာ ယခင်ဆုံးဖြတ်ချက်များကို ကိုးကားလျက် တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် ၁၉၉၉ ခုနှစ်မှစ၍ ဖာလွန်ဂေါင်ဘာသာရေးလှုပ်ရှားမှုကို အမြစ်ပြတ်ချေမှုန်းရန် အကွက်ချ နှိပ်စက်ညှဉ်းပန်းမှုများ လုပ်ဆောင်ခဲ့ကြောင်း လက်ခံယုံကြည်ထားသည်ဟုဆိုသည်။ တရုတ်ကွန်မြူနစ်ပါတီ၏ နှိပ်စက်ညှဉ်းပန်းမှုကြောင့် ၁၉၉၉ ခုနှစ်ကတည်းက ထောင်ပေါင်းများစွာသော ဖာလွန်ဂေါင်ဘာသာရေးအဖွဲ့ဝင်များ သေဆုံးခဲ့ရကြောင်းနှင့် အဖွဲ့ဝင်များသည် မကြာခဏ ထိန်းသိမ်းခံရပြီး နှိပ်စက်ညှဉ်းပန်းမှု၊ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းမှုနှင့် ကိုယ်တွင်းအင်္ဂါများ ထုတ်ယူခံရခြင်းတို့ကို တွေ့ကြုံခံစားရကြောင်းကို မှတ်တမ်းတင်ထားသည်ဟု ဆုံးဖြတ်ချက်၌ ဖော်ပြထားသည်။

တိန့်ယွမ်တဲနှင့် ဇနီး မာလွေ့မေ နှစ်ဦးစလုံးသည် ဖာလွန်ဂေါင်ဘာသာရေးဂိုဏ်းဝင်များဖြစ်ပြီး ၂၀၂၃ ခုနှစ် မေလ ၁၂ ရက်က ဖမ်းဝရမ်းမပါဘဲ တရုတ်အာဏာပိုင်များ၏ ဖမ်းဆီးမှုကို ခံခဲ့ရသည်။ ပြည်ပတွင်နေသော ၎င်းတို့သား၏ ဖမ်းဆီးမှုလွှတ်ပေးရေးလှုပ်ရှားမှုကြောင့် မိခင်မှာ အာမခံဖြင့်လွတ်မြောက်ခဲ့သော်လည်း ဖခင်မှာ ထိန်းသိမ်းခံနေခဲ့ရကာ မိသားစုနှင့် ရှစ်လကြာ တွေ့ခွင့်မရခဲ့ပေ။ နောက်ဆုံး ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် တိန့်ယွမ်တဲသည် ဒဏ်ငွေ တရုတ်ယွမ် ၁၅,၀၀၀ ( အမေရိကန်ဒေါ်လာ ၂, ၀၀၀ ကျော်) နှင့်အတူ ထောင် သုံးနှစ်ချမှတ်ခံရပြီး အယူခံဝင်ထားသည်။

ဥရောပပါလီမန်သည် တိန့်ယွမ်တဲနှင့် ဖာလွန်ဂေါင်အဖွဲ့ဝင်များအားလုံးကို ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးရန် တောင်းဆိုထားပြီး ထိုဆုံးဖြတ်ချက်ကို အီးယူအဖွဲ့များ၊ အစိုးရများ၊ အဖွဲ့ဝင်နိုင်ငံများ၏ပါလီမန်များ၊ တရုတ်အစိုးရနှင့်ပါလီမန်ထံသို့ အကြောင်းကြားရန် ဥက္ကဋ္ဌအား မေတ္တာရပ်ခံထားသည်။ ဥရောပပါလီမန်ဆုံးဖြတ်ချက်သည် တရုတ်အစိုးရအား ၎င်းကျူးလွန်ခဲ့သော ပြစ်မှုများအတွက် တာဝန်ယူရန် အဆုံးအဖြတ်ပေးသော ဘက်မလိုက်သော အာဏာသံပါသော ထုတ်ပြန်ချက်ဖြစ်ပေလိမ့်မည်ဟု ဆိုသည်။