ချယ်လ်ဆီးနဲ့ ရီးယဲလ်မက်ဒရစ်တောင်ပံကစားသမားဟောင်း အီဒင်ဟာဇက် ဘောလုံးကစားသမားဘဝမှ အနားယူ

ချယ်လ်ဆီးနဲ့ ရီးယဲလ်မက်ဒရစ်တောင်ပံကစားသမားဟောင်း အီဒင်ဟာဇက် ဘောလုံးကစားသမားဘဝမှ အနားယူ

(BBC)
Photo: EPA

By PKThawn

ချယ်လ်ဆီးတောင်ပံကစားသမားဟောင်း အီဒင် ဟာဇက်ဟာ ပြီးခဲ့တဲ့ ရာသီကုန်မှာ ရီးယဲလ်မက်ဒရစ်မှ ထွက်ခွာပြီးနောက် ဘောလုံးလောကမှ သူ့ရဲ့အနားယူမှုကို ကြေညာလိုက်ပါတယ်။

အသက် ၃၂ နှစ်ရှိ ဟာဇက်ဟာ ၂၀၁၉ မှာ ချယ်လ်ဆီးမှ ရီးယဲလ်သို့ ပေါင် ၈၉ သန်းဖြင့် ပြောင်းရွှေ့လာခဲ့ပေမယ့်လည်း စပိန်ဘီလူးကြီးအတွက် လိဂ်ပွဲ ၅၄ ပွဲသာ ကစားခဲ့ပါတယ်။

သူဟာ စတန်းဖို့ဒ်ဘရစ်ချ်မှာ ရှိစဉ်အတွင်း ပရီးမီးယားလိဂ်ဖလား ၂ ကြိမ် ရရှိခဲ့ပါတယ်။
“ခင်ဗျားကိုယ်တိုင် နားထောင်ရမှာဖြစ်ပြီး အချိန်တန်ရင် ရပ်နားလိုက်ပါလို့ ပြောရပါမယ်”လို့ သူ့ရဲ့ စာချုပ်ကို ဇွန်လမှာ ဖျက်သိမ်းပြီးကတည်းက အလွတ်အေးဂျင့်ဖြစ်ခဲ့တဲ့ ဟာဇက်က ပြောပါတယ်။
“၁၆ နှစ်နဲ့ ပွဲပေါင်း ၇၀၀ ကျော် ကစားအပြီးမှာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားတစ်ယောက်အနေနဲ့ ကျနော့်ရဲ့ ကစားသမားဘဝကို အဆုံးသတ်ဖို့ ကျနော် ဆုံးဖြတ်ခဲ့ပါတယ်”

ဘယ်လ်ဂျီယံကစားသမားဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရတဲ့ အသင်းလူစာရင်းမှာ တစိတ်တပိုင်းအဖြစ်ပါဝင်နေပြီးနောက် ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ နိုင်ငံလက်ရွေးစင်ဘောလုံးအသင်းမှ အနားယူခဲ့ပြီးဖြစ်ပါတယ်။

ဟာဇက်ဟာ ရီးယဲလ်မက်ဒရစ်မှာ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်၊ ကလပ်ကမ္ဘာ့ဖလား ၁ ကြိမ်၊ ဥရောပစူပါဖလား ၁ ကြိမ်၊ လာလီဂါဖလား ၂ ကြိမ်၊ ကိုပါဒယ်ရေး ၁ ကြိမ်နဲ့ စပိန်စူပါဖလား ၂ ကြိမ်တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် စပိန်မှာ သူ့ရဲ့အချိန်ဟာ စိတ်ပျက်စရာလို့ အများစုက ယူဆကြပြီး သူဟာ ပြိုင်ပွဲအရပ်ရပ်မှာ ၇၆ ပွဲကစားပြီး ၇ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

ဟာဇက်ဟာ ပြင်သစ်ကလပ် လိုင်လီမှာ သူ့ရဲ့ကစားသမားဘဝကို စတင်ခဲ့ပြီး ၁၄၉ ပွဲကစားကာ ဂိုး ၅၀ သွင်းယူပြီး ၂၀၁၀-၁၁ မှာ ပြည်တွင်းလီဂူးဝမ်းနဲ့ ပြင်သစ်ဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။

သူဟာ ၂၀၁၂ နွေရာသီမှာ ပေါင် ၃၂ သန်းဖြင့် ချယ်လ်ဆီးသို့ ပြောင်းရွှေ့ခဲ့ပြီး ၂၀၁၄-၁၅ မှာ PFA တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရင်း ကလပ်အသင်းရဲ့ ကြီးကျယ်တဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။

ဟာဇက်ဟာ ၂၀၁၉ ယူရိုပါလိဂ်ဖိုင်နယ်မှာ အာဆင်နယ်နဲ့ယှဉ်ပြိုင်ရာမှာ အပြာရောင်တို့အတွက် သူ့ရဲ့နောက်ဆုံးပွဲမှာ ဖလားအောင်ပွဲအပါအဝင် အသင်းအတွက် ၃၅၂ ပွဲကစား၊ ၁၁၀ ဂိုးသွင်းယူပေးခဲ့ပါတယ်။
တရာသီအတွင်း ၁၅ ဂိုးနဲ့အထက် သွင်းယူကာ ၁၅ ဂိုးနဲ့အထက် ဂိုးဖန်တီးမှုပြုလုပ်ခဲ့တဲ့ သီယာရီ ဟင်နရီ၊ လီတစ်စီယာ၊ အဲရစ်ကန်တိုနာတို့နဲ့အတူ သူဟာ ၂၀၁၈-၁၉ ရာသီအတွင်း ၁၆ ဂိုးသွင်း ၁၅ ဂိုးဖန်တီးပေးကာ ပရီးမီးယားလိဂ်သမိုင်းတလျှောက် ကစားသမား ၄ ဦးတည်းထဲက ကစားသမားတဦးလည်းဖြစ်ပါတယ်။

“ကျနော့်ရဲ့ ကစားသမားဘဝတစ်လျှောက်မှာ ကြီးကျယ်တဲ့ မန်နေဂျာ၊ နည်းပြတွေ၊ အသင်းဖော်တွေနဲ့ တွေ့ဆုံရတာ ကံကောင်းခဲ့ပါတယ်၊ အခုလို ကောင်းမွန်တဲ့ အချိန်တွေအတွက် အယောက်တိုင်းကို ကျေးဇူးတင်ပါတယ်၊ အားလုံးကို ကျနော် လွမ်းဆွတ်နေမှာပါ”လို့ ဟာဇက်က ဆိုရှယ်မီဒီယာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

“လိုင်လီ၊ ချယ်လ်ဆီးနဲ့ ရီးယဲလ်မက်ဒရစ်အတွက် ကျနော် ကစားပေးခဲ့တဲ့ ကလပ်တွေကို ကျေးဇူးတင်သလို၊ ကျနော့်ရဲ့ ဘယ်လ်ဂျီယံအသင်းအတွက် RBFA အဖွဲ့ချုပ်ကိုလည်း ကျေးဇူးတင်ပါတယ်။

“အကောင်းနဲ့ အဆိုးအချိန်တွေမှာ ကျနော်နဲ့အတူ အနီးကပ်ရှိပေးတဲ့ ကျနော့်မိသားစု၊ သူငယ်ချင်းတွေ၊ ကျနော့်ရဲ့အကြံပေးတွေနဲ့ အပေါင်းအသင်းတွေကို အထူးပဲကျေးဇူးတင်ရှိပါတယ်။
“နောက်ဆုံးအနေနဲ့ ဒီနှစ်တွေတစ်လျှောက်လုံး ကျနော့်ကို လိုက်အားပေးခဲ့ကြတဲ့ ပရိသတ်တွေ၊ ကျနော်ကစားခဲ့တဲ့ နေရာတိုင်းကို ခင်ဗျားတို့ရဲ့ လာရောက်အားပေးမှုတွေအတွက် ကျေးဇူးအများကြီးတင်ပါတယ်။

“အခုအချိန်က ကို
ယ်ချစ်ရတဲ့သူတွေနဲ့ ပျော်ရွှင်ပြီး အတွေ့အကြုံသစ်တွေရဖို့ အချိန်ပါပဲ။ မကြာခင် ကွင်းပြင်မှာ ပြန်ဆုံကြမယ်။”

ဟာဇက်ဟာ ၂၀၀၈ မှာ လူဇင်ဘတ်အသင်းနဲ့ ရင်ဆိုင်တဲ့ နိုင်ငံတကာပွဲစဉ်မှာ ပွဲဦးထွက်ကစားပြီးနောက် ဘယ်လ်ဂျီယံအသင်းအတွက် ၁၂၆ ပွဲကစားကာ ၃၃ ဂိုး သွင်းယူခဲ့ပါတယ်။ သူဟာ ကမ္ဘာ့ဖလား ၃ ကြိမ်နဲ့ ဥရောပချန်ပီယံ ၂ကြိမ်တို့မှာ ပါဝင်ခဲ့ပြီး အသင်း ၅၆ ပွဲမှာ အသင်းခေါင်းဆောင်အဖြစ်လည်း ပါဝင်ခဲ့ပါတယ်။

သူဟာ တတိယနေရာ play-off ပွဲမှာ အင်္ဂလန်ဘက်ကို တစ်ဂိုးသွင်းယူခဲ့တဲ့ ဂိုးအပါအဝင် ဘယ်လ်ဂျီယံက ၂၀၁၈ ကမ္ဘာ့ဖလားမှာ တတိယနေရာနဲ့ပြီးဆုံးတဲ့ပွဲမှာလည်း သွင်းဂိုး ၃ ဂိုး ရရှိခဲ့ပါတယ်။