အီတလီ၊ တူရကီတို့က ၂၀၃၂ ယူရိုပြိုင်ပွဲကို အိမ်ရှင်အဖြစ် ပေးအပ်ခံခဲ့သလို ယူကေနဲ့ အိုင်ယာလန်တို့ကလည်း ၂၀၂၈ ယူရိုကို လက်ခံကျင်းပမည်

အီတလီ၊ တူရကီတို့က ၂၀၃၂ ယူရိုပြိုင်ပွဲကို အိမ်ရှင်အဖြစ် ပေးအပ်ခံခဲ့သလို ယူကေနဲ့ အိုင်ယာလန်တို့ကလည်း ၂၀၂၈ ယူရိုကို လက်ခံကျင်းပမည်

(AFP)
Photo: EPA

By PKThawn ။ ။ အီတလီနဲ့ တူရကီတို့က ၂၀၃၁ ယူရိုပြိုင်ပွဲရဲ့ ပူးတွဲအိမ်ရှင်ဖြစ်လာစဉ် ယူနိုက်တက်ကင်းဒမ်းနဲ့ အိုင်ယာလန်သမ္မတနိုင်ငံတို့ကလည်း ၂၀၂၈ ယူရိုပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ကြောင်း UEFA က အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ကမ်းလှမ်းမှုနှစ်ခုစလုံးဟာ ကန့်ကွက်ခြင်းမရှိပေမယ့်လည်း ဆွစ်ဇာလန်နိုင်ငံမှာ ပြုလုပ်တဲ့ အစည်းအဝေးတခုမှာ ၎င်းတို့လက်ခံရမှုကို ဥရောပဘောလုံးအဖွဲ့ချုပ်ထံမှ တရားဝင်ခွင့်ပြုချက် လိုအပ်နေခဲ့တာပါ။

တူရကီဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ၂၀၂၈ ယူရိုအတွက် အပြိုင်ကမ်းလှမ်းခြင်းမှ နုတ်ထွက်ခဲ့ပါတယ်။
၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို မော်ရိုကို၊ ပေါ်တူဂီနှင့် စပိန်တို့က ကျင်းပမယ်လို့ ဖီဖာက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကြေညာခဲ့ပေမယ့်လည်း ပြိုင်ပွဲကို ၎င်းနှစ်တစ်ရာပြည့် အထိမ်းအမှတ်အဖြစ် ဥရုဂွေး၊ အာဂျင်တီးနားနဲ့ ပါရာဂွေးတို့မှာလည်း ကစားမှာဖြစ်ပါတယ်။

ဆော်ဒီအာရေဗီးယားဟာ ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ကမ်းလှမ်းမှု စီစဉ်နေကြောင်း နောက်ပိုင်းမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

၂၀၀၈ ကနေ ဥရောပချန်ပီယံရှစ်တိုင်းကို ကမ်လမ်းမှု မအောင်မြင်ခဲ့တဲ့ တူရကီဟာ ကနဦးမှာ ၂၀၂၈ နဲ့ ၂၀၃၂ ယူရိုနှစ်ရပ်စလုံးအတွက် လျာထားခံခဲ့ပါတယ်။

ဒါပေမယ့် သူတို့ဟာ ဇူလိုင်လမှာ ၂၀၃၂ ပြိုင်ပွဲအတွက် ကမ်းလှမ်းရာမှာ အီတလီနဲ့ ပူးတွဲကျင်းပဖို့ သဘောတူခဲ့ပြီး ၂၀၂၈ အတွက် လျာထားခံရခြင်းမှ နုတ်ထွက်မလားဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။

အမျိုးသမီး ယူရိုပြိုင်ပွဲကို မနှစ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ အင်္ဂလန်ဟာ ၁၉၉၆ မှာ အဓိက အမျိုးသားပြိုင်ပွဲကို နောက်ဆုံးကျင်းပခဲ့ပြီး အဲဒီဥရောပချန်ပီယံရှစ်ပြိုင်ပွဲမှာ အသင်း ၁၆ သင်းသာ ပါဝင်ခဲ့ပါတယ်။

ကပ်ရောဂါကြောင့် တနှစ်ရွှေ့ဆိုင်းခဲ့ပြီး ဥရောပတစ်ဝှမ်းရှိ ကွင်းတွေမှာ ကျင်းပတဲ့ အသင်း ၂၄ သင်းပါ ၂၀၂၀ ယူရို ဖိုင်နယ်ကိုလည်း Wembley ကွင်းမှာ ၎င်းတို့က လက်ခံကျင်းပခဲ့ပါတယ်။
အင်္ဂလန်နဲ့ စကော့တလန်တို့ကြား ဒီပြိုင်ပွဲအတွင်း ၁၂ ပွဲ လက်ခံကျင်းပခဲ့ပါတယ်။

၂၀၂၈ ပြိုင်ပွဲအတွက် အဆိုပြုထားတဲ့ နေရာ ၆ ခုမှာ အင်္ဂလန်မှာဖြစ်ပြီး လန်ဒန်ရှိ အားကစားကွင်းနှစ်ရုံနဲ့ အခြားကွင်းတွေကတော့ မန်ချက်စတာ၊ လီဗာပူးလ်၊ နယူးကာဆယ်နဲ့ ဘာမင်ဂမ်တို့မှာ ဖြစ်ပါတယ်။
ဘဲလ်ဖတ်၊ ဒပ်ဗလင်၊ ဂလပ်စကိုနဲ့ ကာဒစ်ဖ်တို့ကလည်း ပွဲစဉ်တွေအတွက် အစဉ်လိုက်ရှိပါတယ်။
အီတလီဟာ ၂၀၂၀ ယူရိုပြိုင်ပွဲကို ရောမမှာ ပွဲစဉ်တွေကို လက်ခံကျင်းပခဲ့ပေမယ့်လည်း ၁၉၉၀ ကမ္ဘာ့ဖလားနောက်ပိုင်း ပြိုင်ပွဲတရပ်ကို ၎င်းကိုယ်တိုင်ကျင်းပနိုင်ခြင်း မရှိခဲ့ပါဘူး။

၎င်းတို့ဟာ ၁၉၄၈ မှာ လေးသင်းပါ ယူရိုပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်နဲ့ ၁၉၈၀ ရှစ်သင်းပါပြိုင်ပွဲကို ကျင်းပခဲ့ပါတယ်။

ဒီနှစ် ချန်ပီယံလိဂ် ဖိုင်နယ်ကို ဇွန်လမှာ အစ္စတန်ဘူလ်မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ တူရကီဟာ နိုင်ငံတကာပြိုင်ပွဲကြီးတခုမျှ ပေးအပ်ခံရခြင်း မရှိသေးပါဘူး။

“၂၀၃၂ မှာ တူရကီမှာ ဘောလုံးလောကရဲ့ နှလုံးသားကို အနိုင်ယူလိမ့်မယ်”လို့ UEFA ရဲ့ ကြေညာချက်ကို တုံ့ပြန်တဲ့အနေနဲ့ တူရကီအားကစားဝန်ကြီး Osman Askin Bak က ဆိုရှယ်မီဒီယာမှာ ပြောကြားခဲ့ပါတယ်။

“#EURO2032 ကို ချစ်ကြည်ရင်းနှီးတဲ့ အီတလီနိုင်ငံနဲ့ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရတာ ဝမ်းသာပါတယ်။ အားကစားမှာ ရင်းနှီးမြုပ်နှံမှုတွေနဲ့အတူ မြှပ်နှံထားတဲ့ ကျုပ်တို့ရဲ့ လှပတဲ့နိုင်ငံ နှစ် ၁၀၀ ပြည့် နှစ်ပတ်လည်မှာ ကျုပ်တို့တွေရယူတဲ့ ခြေလှမ်းတွေအတွက် ပေးအပ်ခံရမှုကို ဂုဏ်ယူမိပါတယ်။”

တူရကီဘောလုံးအဖွဲ့ချုပ်ဟာ ပရိသတ်တွေကို “အဆုံးစွန်သော ဥရောပချန်ပီယံရှစ်အတွေ့အကြုံ” ကို ပေးအပ်သွားဖို့ ကတိပြုခဲ့ပါတယ်။

ရုရှားဟာ ၂၀၂၈ ဒါမဟုတ် ၂၀၃၂ ယူရိုကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ စိတ်ဝင်စားကြောင်း ကနဦးမှာ ကြေညာခဲ့ပေမယ့်လည်း UEFA က ရုရှားဘောလုံးအဖွဲ့ချုပ်ထံမှ မည်သည့်ကမ်းလှမ်းမှုကိုမျှ ထည့်သွင်းစဉ်းစားမှာမဟုတ်ကြောင်း နောက်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။

ဒါက ယူကရိန်းမှာ စစ်ပွဲကြောင့် ရုရှားကလပ်တွေနဲ့ နိုင်ငံအသင်းတွေကို UEFA ပြိုင်ပွဲတွေအားလုံးကနေ ရပ်ဆိုင်းထားခံရပြီးနောက်မှာ ဖြစ်ပါတယ်။

လာမယ့် ယူရိုပြိုင်ပွဲကို လာမယ့်နှစ် ဂျာမနီနိုင်ငံမှာ ဇွန်လ ၁၄ ရက်မှ ဇူလိုင် ၁၄ ရက်အထိ ကျင်းပမှာဖြစ်ပါတယ်။