ဘတ်ဂျက်လိုငွေပြမှု ကျပ်ဘီလီယံ ၇,၈၀၀ ကျော်ဖြစ်ပေါ်ပြီးနောက် အသုံးစရိတ်များကို စိစစ်သုံးစွဲရန် စစ်ကောင်စီမှာကြား

ဘတ်ဂျက်လိုငွေပြမှု ကျပ်ဘီလီယံ ၇,၈၀၀ ကျော်ဖြစ်ပေါ်ပြီးနောက် အသုံးစရိတ်များကို စိစစ်သုံးစွဲရန် စစ်ကောင်စီမှာကြား

အင်အားပြ စစ်ကောင်စီလက်နက်အချို့ကို တွေ့ရစဉ် (ပုံ-ဟောင်း)

001(မဇ္စျိမ) ။ ။ လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျပ်ဘီလီယံ ၇,၈၀၀ ကျော် ဘတ်ဂျက်လိုငွေပြနေပြီး အသုံးစရိတ်များကို စိစစ်သုံးစွဲရန် စစ်ကောင်စီ၏ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက စက်တင်ဘာလ ကုန်ပိုင်းက ထုတ်ပြန်သည့် ဘဏ္ဍာရေးမူဝါဒစာတမ်းတွင် ဖော်ပြထားသည်။


လက်ရှိဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု၊ တိုင်း၊ ပြည်နယ်များ၏ ရငွေစုစုပေါင်းမှာ ကျပ် ၂၅,၃၀၀ ဘီလီယံ ကျော်သာရှိပြီး အသုံးစရိတ်စုစုပေါင်းမှာ ကျပ် ၃၃,၁၀၀ ဘီလီယံကျော်ရှိသည့်အတွက် လိုငွေ ကျပ် ၇,၈၀၀ ဘီလီယံကျော်ပြသနေခြင်းဖြစ်သည်။


ဘတ်ဂျက်လိုငွေဖြည့်ဆည်းရာတွင် ငွေတိုက်စာချုပ်ရောင်းချခြင်း၊ ငွေတိုက်လက်မှတ်ရောင်းချခြင်းနှင့် ဗဟိုဘဏ်မှချေးယူခြင်း စသည့်နည်းလမ်းသုံးမျိုးဖြင့် ဆောင်ရွက်လျက်ရှိကြောင်း စစ်ကောင်စီ၏ ဘဏ္ဍာရေးမူဝါဒစာတမ်းက ဆိုထားသည်။


ထို့ပြင် ဘတ်ဂျက်လိုငွေကို ထိန်းသိမ်းဆောင်ရွက်နိုင်ရန်အတွက် ရငွေလျာထားချက်အပေါ် ပြည့်မီကျော် လွန်ရရှိအောင် ကြိုးပမ်းဆောင်ရွက်ခြင်း၊ အသုံးစရိတ်များလျာထားရာတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အလျင်အမြန်အထောက်အကူပြုနိုင်မည့် လုပ်ငန်းများနှင့် လူမှုစီးပွားဘဝမြှင့်တင်ပေးမည့် အသုံးစရိတ် များကို ဦးစားပေးလျာထားပြီး အခြားအသုံးစရိတ်များကို စနစ်တကျ စိစိစစ်စစ်သုံးစွဲခြင်း စသည့်အချက် များကို လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ကြောင်းလည်း ပါရှိသည်။


ယခုဘဏ္ဍာနှစ်အတွက် သာမန်အသုံးစရိတ်တွင် ဝန်ထမ်းအင်အားအသစ်ခန့်အပ်ခြင်းနှင့် ပတ်သက်ပြီး အသေးစိတ်တွက်ချက်ဆောင်ရွက်ရန်၊ အုပ်ချုပ်မှုသုံး စက်သုံးဆီ၊ လုပ်ငန်းသုံးစက်သုံးဆီများကို ရန်ပုံငွေ ခွင့်ပြုဘောင်အတွင်း လောက်ငှအောင်သုံးစွဲရန်၊ သွင်းကုန်အစားထိုးရန်နှင့် ပြည်တွင်းကုန်ထုတ်လုပ်မှု မြှင့်တင်ရေးဆိုင်ရာ အသုံးစရိတ်များတိုးမြှင့်ပေးရန်၊ ကျန်းမာရေးနှင့် ပညာရေးအသုံးစရိတ်တိုးမြှင့်ရန် မူဝါဒချမှတ်ထားကြောင်း အဆိုပါ စာတမ်းအရ သိရသည်။


သို့သော် လက်တွေ့တွင် စစ်ကောင်စီက စစ်အသုံးစရိတ်အတွက် ကျပ်ဘီလီယံ ၅,၆၀၀ ကျော်ဖြင့် ဝန်ကြီး ဌာနအားလုံးထဲတွင် အများဆုံးသုံးစွဲနေခြင်းဖြစ်ပြီး ပညာရေးအတွက် ကျပ်ဘီလီယံ ၂,၁၀၀ ကျော်နှင့် ကျန်းမာရေးအတွက် ကျပ်ဘီလီယံ ၈၀၀ ကျော်ကိုသာ သုံးစွဲထားသည်။


လက်ရှိဘဏ္ဍာရေးနှစ်သည် ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် စတင်ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်သည်။


ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက်လိုငွေကို ကျပ်ဘီလီယံ ၇,၃၀၀ ကျော်ရှိမည်ဖြစ်ကြောင်း မူလကခန့်မှန်းခဲ့သော်လည်း ပြုပြင်ပြီး ခန့်မှန်းခြေအရ ကျပ် ၇,၉၀၀ ဘီလီယံကျော် ဖြစ်ပေါ်ခဲ့ ကြောင်း စစ်ကောင်စီ၏ ဘဏ္ဍာရေး မူဝါဒစာတမ်းအရ သိရသည်။


စာတည်း။ ။စောဖေ