မြန်မာနိုင်ငံတွင် ကြီးမားလျှို့ဝှက်သော အကျဉ်းထောင်တိုးချဲ့မှုများပြုလုပ်နေကြောင်း ဂြိုဟ်တုဓာတ်ပုံများကပြသနေ

ပြီးခဲ့သည့် ဇန်နဝါရီလက ရိုက်ကူးထားသော အင်းစိန်အကျဉ်းထောင်ပုံ။ နိုင်ငံအတွင်း နာမည်ဆိုးဖြင့်အကျော်ကြားဆုံး အင်းစိန်အကျဉ်းထောင်ကို ဗြိတိသျှကိုလိုနီအာဏာပိုင်များက ၁၈၈၇ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ (ဓာတ်ပုံ- google earth)

ပြီးခဲ့သည့် ဇန်နဝါရီလက ရိုက်ကူးထားသော အင်းစိန်အကျဉ်းထောင်ပုံ။ နိုင်ငံအတွင်း နာမည်ဆိုးဖြင့်အကျော်ကြားဆုံး အင်းစိန်အကျဉ်းထောင်ကို ဗြိတိသျှကိုလိုနီအာဏာပိုင်များက ၁၈၈၇ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ (ဓာတ်ပုံ- google earth)

The Guardian

မြန်မာနိုင်ငံသည် ကြီးမားကျယ်ပြန့်ပြီး လျှို့ဝှက်သော အကျဉ်းထောင်တည်ဆောက်ရေး အစီအစဉ်ကို အကောင်အထည်ဖော်ထားကြောင်း ဂြိုဟ်တုဓာတ်ပုံများကို ဆန်းစစ်မှုအရသိရပြီး ဒီမိုကရေစီလိုလားသော ဆန္ဒပြသူ ထောင်ပေါင်းများစွာကို ထောင်သွင်းအကျဉ်းချရန် လုပ်ဆောင်ထားသည်လားဆိုသည့် စိုးရိမ်မှုများ ဖြစ်ပေါ်စေသည်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလက ရွေးကောက်ခံ ဒေါ်အောင်ဆန်းစုကြည်အစိုးရကို ဖြုတ်ချခဲ့သည့် စစ်အာဏာသိမ်းမှု မတိုင်မီမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီထိ ရိုက်ကူးထားသည့် ဓာတ်ပုံများကို ဆန်းစစ်ကြည့်ရာ မြန်မာနိုင်ငံ၌ တွေ့ရသည့် အကျဉ်းထောင် ၅၉ ခုအနက် ၂၇ ခုတွင် ကြီးမားသော တိုးချဲ့မှု သို့မဟုတ် အဆောက်အအုံတိုးချဲ့မှုလက္ခဏာများကို တွေ့ရသည်ဟုဆိုသည်။

အာဏာသိမ်းစစ်တပ်၏ တရားဝင်ကြေညာခြင်းမရှိသော ကျယ်ပြန့်သော အကျဉ်းထောင်တည်ဆောက်ရေး အစီအစဉ်က မြန်မာ့အကျဉ်းထောင်ကွန်ရက်သည် နိုင်ငံ၏ ဒီမိုကရေစီရေးလှုပ်ရှားမှုအား ဆက်လက်ဖြိုခွင်းမှုတွင် တိုးလာသော ဗဟိုအချက်အချာကျသည့် အစိတ်အပိုင်းတစ်ခုဖြစ်သည်ဆိုသည့် စိုးရိမ်မှုဖြစ်စေသည်။

စစ်တပ်၏ သတ်ဖြတ်မှု၊ ထောင်သွင်းအကျဉ်းချမှု သို့မဟုတ် ထိန်းသိမ်းခံထားရမှု အရေအတွက်ကို မှတ်တမ်းတင်သည့် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အချက်အလက်များအရ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် နိုင်ငံရေး အကျဉ်းသား ၂၅ ၉၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ၂၀ ၀၀၀ နီးပါးမှာ ထိန်းသိမ်းထားခံရဆဲဖြစ်သည်။

ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှု သုံးနှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် Myanmar Witness က ထုတ်ဝေသည့် ဆန်းစစ်ချက်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုအထောက်အထားများကို ကောက်နုတ်စုစည်းထားပြီး အကျဉ်းထောင် ၂၅ ခု၏ အပြင်ဘက်တွင် အကျဉ်းသားများကို ထားဖွယ်ရှိသည့် အဆောက်အဦအသစ် ၃၃ ခုကိုလည်း တွေ့ရှိကြောင်း ရေးသားထားသည်။

“ဒီထပ်တိုးအဆောက်အဦတွေရဲ့ လုံခြုံရေး၊ တည်နေရာနဲ့ လုံခြုံရေး မြင့်မားတဲ့ တည်ဆောက်ပုံစတဲ့ အချက်အတွေအရ သူတို့ဟာ တရားဝင် အကျဉ်းထောင်တွေနဲ့ ချိတ်ဆက်ထားတဲ့ ထိန်းသိမ်းရေး အဆောက်အအုံသစ်တွေလို့ ယုံကြည်ရပါတယ်” ဟု လန်ဒန်အခြေစိုက် Centre for Information Resilience သုတေသနအဖွဲ့အစည်း၏ Myanmar Witness အဖွဲ့ဒါရိုက်တာ မတ်လောရင့်စ်က ပြောသည်။

အင်းပြောင်အလုပ်ကြမ်းစခန်း

အဓိကအားဖြင့် ကျောက်ကျင်းနေရာများနှင့် ကျေးလက်ဒေသများရှိ စိုက်ပျိုးရေးလုပ်ငန်းခွင်များတွင် အလုပ်ကြမ်းစခန်းပေါင်း ၅၃ ခု တဟုန်ထိုးတိုးပွားလာမှုကို ဖော်ထုတ်တွေ့ရှိခဲ့ပြီး ၎င်းစခန်းအားလုံးနီးပါးသည် စဉ်ဆက်မပြတ်လုပ်ဆောင်နေသည့် လက္ခဏာများကို တွေ့ရသည်ဟု ဆန်းစစ်ချက်က ဆိုသည်။

အာဏာသိမ်းမှုအလွန် အကျဉ်းထောင်စနစ် တိုးချဲ့မှုသည် နိုင်ငံရေး အတိုက်အခံများ၊ သတင်းထောက်များနှင့် တက်ကြွလှုပ်ရှားသူများကို အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုများနှင့် တချိန်တည်းပင်ဖြစ်သည်။

အာဏာသိမ်းမှုအစ အရုဏ်မတက်မီ ဝင်ရောက်စီးနင်းမှုအတွင်း ဖမ်းဆီးခံခဲ့ရသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၃ နှင့် ၂၀၀၉ ခုနှစ်များတွင် သူမကိုချုပ်နှောင်ခဲ့သော ရန်ကုန် အင်းစိန်ထောင်သို့ ပို့ဆောင်နိုင်သည်ဆိုသည့် စိုးရိမ်မှုများလည်းရှိနေသည်။

နိုင်ငံအတွင်း နာမည်ဆိုးဖြင့် အကျော်ကြားဆုံး အကျဉ်းထောင်ဖြစ်ဖွယ်ရှိသော ထူးခြားသောဒီဇိုင်းပုံစံရှိသည့် အင်းစိန်ထောင်ကို ၁၈၈၇ ခုနှစ်တွင် ဗြိတိသျှကိုလိုနီပြုသူများက တည်ဆောက်ခဲ့သည်။

၂၀၂၂ ခုနှစ် ဇူလိုင်လ၌ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ လေးဦးကို အင်းစိန်ထောင်တွင် ကွပ်မျက်ခဲ့ပြီး ဆယ်စုနှစ်များစွာအတွင်း နိုင်ငံ၌ ပထမဆုံးအကြိမ်အဖြစ် သေဒဏ်ပေးခြင်းဖြစ်ကာ နိုင်ငံတကာသတင်းစာမျက်နှာများက ထိုအကြောင်းကို ခေါင်းကြီးပိုင်းသတင်းအဖြစ် ဖော်ပြခဲ့ကြသည်။

လူ့အခွင့်အရေးအဖွဲ့များက တရားမျှတမှုမရှိဟု တံဆိပ်ကပ်ထားသော မျက်ကွယ်ရုံးတင်စစ်ဆေးမှုတွင် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်သည်ဟု ယခုလေ့လာဆန်းစစ်မှု၌ စွပ်စွဲထားပြီး စက်ဆုပ်ဖွယ်ကောင်းသော ကွပ်မျက်မှုအတွင်း အသုံးပြုခဲ့သော ကြိုးစင်များ၏တည်နေရာကို အတိအကျဖော်ထုတ်ပြသထားပုံရသည်။

ရရှိသည့်ဓာတ်ပုံများများအရ အကျဉ်းထောင်၏ မူလအဝန်းအဝိုင်းအတွင်း၌ တည်ရှိသော ၂၀၂၂ ခုနှစ် မတ်လ မြင်တွေ့ရသည့် သေးငယ်၍ အမိုးမပါသော အဆောက်အဦသည် ကွပ်မျက်သည့်နေရာဖြစ်ဖွယ်ရှိပြီး နောက်ပိုင်း ဓာတ်ပုံများတွင် ထိုနေရာကို အပြာရောင်အမိုးအသစ် မိုးထားသည်ကို တွေ့မြင်ရကြောင်း Myanmar Witness က ဆိုသည်။ ကြိုးစင်များကို စောင့်ကြည့်ထောက်လှမ်းမှုမလုပ်နိုင်စေရန် ဖုံးကွယ်လိုခြင်းဖြစ်နိုင်ကြောင်း တက်ကြွလှုပ်ရှားသူများက ပြောသည်။

နေပြည်တော်အကျဉ်းထောင်

ဒေါ်အောင်ဆန်းစုကြည်ကို ယခုအချိန်ထိ အင်းစိန်ထောင်တွင် မထားရှိသေးဘဲ နေပြည်တော် အကျဉ်းထောင်တွင် အကျဉ်းချထားသည်။

နေပြည်တော်အကျဉ်းထောင်သည် လွန်ခဲ့သည့် သုံးနှစ်အတွင်း ကြီးမားသော တိုးချဲ့မှုများ ရှိပုံရပြီး ၎င်း၏ အဝန်းအဝိုင်းအတွင်းနှင့် အပြင်ဘက်တွင် အဆောက်အအုံအသစ်များ ပေါ်လာသည်။

အာဏာသိမ်းပြီး တနှစ်အကြာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီတွင် နေပြည်တော်ထောင်၌ အဆောက်အအုံအသစ်များစွာ တိုးလာသည်။ နောက်ပိုင်း ၂၀၂၃ ခုနှစ် ဧပြီလရက်စွဲပါ ရုပ်ပုံများအရ အကျဉ်းထောင် တံခါးပေါက်၏ မြောက်ဘက်နားတွင် အဆောက်အဦသစ်များတွေ့ရသည်။

အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အကျဉ်းသားအချို့ကို နေပြည်တော်တွင် ချုပ်နှောင်ထားခဲ့ပြီး သူမကို ၂၀၂၃ ခုနှစ် ဇူလိုင်လက နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ခံခဲ့ရသည်ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။

မော်လမြိုင်အကျဉ်းထောင်အသစ်

အာဏာသိမ်းပြီးနောက် တည်ဆောက်ခဲ့သော အကျဉ်းထောင်အသစ် နှစ်ခုရှိကြောင်း ဆန်းစစ်ချက်တွင် ဖော်ပြထားသည်။ တခုမှာ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် ရှိပြီး နိုင်ငံရေး အကျဉ်းသားများ ချုပ်နှောင်ထားမည်ဟု ဒေသတွင်း သတင်းများက ဖော်ပြခဲ့ကာ အကျဉ်းဦးစီးဌာနထက် မြန်မာစစ်တပ်ကသာ ချုပ်ကိုင်ထားမည်ဟု ဆိုကြသည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်းတွင် ထိုနေရာ၌ အဆောက်အဦများတည်ဆောက်နေမှုကို ဂြိုဟ်တုဓာတ်ပုံများတွင် တွေ့ရသည်။

စုစုပေါင်း အကျဉ်းထောင်များနှင့် အလုပ်ကြမ်းစခန်းပေါင်း ၁၀၀ ကျော်ရှိကြောင်း လေ့လာဆန်းစစ်ချက်တွင် ရေးသားထားပြီး မြန်မာနိုင်ငံ၏ အကျဉ်းထောင်မြေနေရာတိုးချဲ့မှုသည် ၎င်းတို့ လျာထားသည်ထက် ပိုမိုကျယ်ပြန့်လာဖွယ်ရှိသည်ဟု လောရင့်စ်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲလေ့လာမှုနည်းလမ်းအရ အကျဉ်းစခန်းနေရာ တိုးချဲ့မှုကို ကောင်းစွာ လျှော့တွက်ကောင်း လျှော့တွက်ထားမိလိမ့်မယ်။ အဆောက်အဦးအသစ်တိုင်းရဲ့ အတွင်းပိုင်းကို မသိသေးသလို ဘာအတွက် သုံးမှာလဲဆိုတာလည်း သေချာမသိရသေးပါဘူး” ဟု ၎င်းက ဆိုသည်။

အစာငတ်ခံဆန္ဒပြမှုများ၊ အကျဉ်းသားများအား ရိုက်နှက်မှုများနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများစသည့် အခြေအနေများလည်းရှိနေပြီး နိုင်ငံရေးအကျဉ်းသား အများအပြား ဖမ်းဆီးထိန်းသိမ်းခံရမှုများကြောင့် ထောင်များတွင် လူများပြည့်ကျပ်လျက်ရှိသည်။

စစ်ကောင်စီသည် နိုင်ငံခြားသား ၁၁၄ ဦးအပါအဝင် ထောင်ပေါင်းများစွာသော အကျဉ်းသားများကို ထုံးတမ်းစဉ်လာအရ ယခုနှစ်အစောပိုင်းတွင် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။ သို့သော် အဖမ်းခံရပြီးကတည်းက တင်းကျပ်သော နေပြည်တော်တရားခွင်၌ တစ်ကြိမ်သာမြင်တွေ့ရသေးသည့် ဒေါ်အောင်ဆန်းစုကြည်ကို လွတ်မြောက်ခွင့်ပေးမည့်အရိပ်အယောင် မတွေ့ရပေ။