အင်ဒိုနီးရှား၌ ရေအကျပ်အတည်းကို ရင်ဆိုင်ရန် ဆည်ပေါင်း ၃၀၀ လိုအပ်ဟု ဆို

အင်ဒိုနီးရှား၌ ရေအကျပ်အတည်းကို ရင်ဆိုင်ရန် ဆည်ပေါင်း ၃၀၀ လိုအပ်ဟု ဆို

အင်ဒိုနီးရှားနိုင်ငံတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်သော ရေအကျပ်အတည်းကဲ့သို့ သဘာဝဘေးကို လက်ဦးမှုယူရန်အတွက် ဆည်ပေါင်း ၃၀၀ ကျော် လိုအပ်ကြောင်း အများပြည်သူ အလုပ်အကိုင်နှင့် အများပြည်သူအိမ်ရာဝန်ကြီးဌာနအရ သိရသည်။

“ဖြစ်ပွားဆဲ ပြည်တွင်းရေအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရေး ဘေးကင်းတဲ့ အကန့်အသတ်ပေါ် တွက်ချက်ပြီး ဒီ ဆည်အရေအတွက်ကို အခြေခံထားပါတယ်”ဟု ဝန်ကြီးဌာန ပြောခွင့်ရသူ အက်မာဝီဂျာဂျာက အောက်တိုဘာ ၁၆ ရက်တွင် ပြောသည်။

ရေဖူလုံရေးအတွက် ဝန်ကြီးဌာနအနေဖြင့် ကုန်လွန်ခဲ့သော ဆယ်စုနှစ်၌ ဆည်ပေါင်း ၆၀ တည်ဆောက်ခဲ့ကြောင်း “ရာသီဥတု ပြောင်းလဲမှု၏ သက်ရောက်မှုကြောင့် ရေအကျပ်အတည်းကို လက်ဦးမှုယူရေး ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု”ဟု အမည်ပေးထားသော အွန်လိုင်းဆွေးနွေးပွဲ၌ ၎င်းက အလေးထားဆိုသည်။

သို့ရာတွင် ဝန်ကြီးဌာန၏ နောက်ဆုံး သုတေသနပေါ် အခြေခံပြီး အဆိုပါ အရေအတွက်က လုံလောက်မှု မရှိသဖြင့် နောက်ထပ် ဆည်ပေါင်း ၃၀၀ ကျော် တည်ဆောက်ရန် လိုအပ်ခြင်းပဲ ဖြစ်သည်။

ရာသီဥတုပြောင်းလဲမှုနှင့် ပစိဖိတ်သမုဒ္ဒရာ၌ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် အင်ဒိုနီးရှား၏ ဒေသအများစုတွင် ရှည်ကြာပြီး ပြင်းထန်သော မိုးခေါင်မှုနှင့် ကြုံနေရကြောင်း အက်မာဝီဂျာဂျာက ပြောသည်။

ရှည်ကြာသည့် မိုးခေါင်မှုကြောင့် စားနပ်ရိက္ခာဖူလုံမှုအပေါ် သက်ရောက်နေပြီး ကြိုတင်လုပ်ငန်းစဉ်များ လုပ်ဆောင်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

တောင်သူလယ်သမားများ စပါး၊ ပြောင်းနှင့် အခြားသော ကောက်ပဲသီးနှံ စိုက်ပျိုးမှု အရှိန်အဟုန် မဆုံးရှုံးရန် လိုအပ်ကြောင်း ၎င်းက အလေးထားပြောသည်။

ထိုအတွက်ကြောင့် ဝန်ကြီးဌာန၏ ရာသီဥတုအကျပ်အတည်း လျော့ပါးရေး မဟာဗျူဟာ စီမံကိန်း၌ ထပ်တိုးဆည်များ တည်ဆောက်ရေး အစီအစဉ်လည်း ပါဝင်ကြောင်း သူက ပြောသည်။

“ဆည်တွေ များများ ရှိလေ၊ နိုင်ငံမှာ ရေပိုသိုလှောင်နိုင်လေပါပဲ၊ ဒီဆည်ရေနဲ့ ခြောက်သွေ့ရာသီမှာ စိုက်ခင်းတွေကို ရေပေးနိုင်မှာ ဖြစ်တယ်”ဟု ၎င်းက မှတ်ချက်ပြုသည်။

တချိန်တည်းတွင် ဝန်ကြီးဌာန၏ ရေအရင်းအမြစ် ညွှန်ကြားမှုရုံးက ၂၀၂၄ တွင် အရေးပါသော ဆည် ၁၅ ဆည် တည်ဆောက်ရေးအတွက် ရူပီး ၂၁ ဒသမ ၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ) ဘတ်ဂျက် သတ်မှတ်ထားသည်။