အမေရိကန်အများစုတွင် တရုတ်ဆန့်ကျင်ရေး သဘောထားရှိကြောင်း စစ်တမ်း က ဖော်ပြ

The HK Post

မကြာသေးမီနှစ်များအတွင်း အမေရိကန်နှင့် တရုတ်ကြား တင်းမာမှုများ တိုးမြင့်လာသောကြောင့် အမေရိကန်အများစုသည် တရုတ်ကွန်မြူနစ်ပါတီ (CCP) အုပ်ချုပ်နေသော တရုတ် အပေါ် မလိုလားသော သဘောထားအမြင်များ ရှိကြောင်း စစ်တမ်းတခုအရ သိရသည်။

ငါးနှစ် အတွင်း အမြင့်ဆုံးအဆင့်ဖြစ်သော အမေရိကန် ၈၁ % သည် တရုတ် အပေါ် မနှစ်သက်သော အမြင်များ ရှိကြပြီး ၄၃ % သည် အလွန်မနှစ်သက်သော အမြင် ရှိ၍ ၁၆ % ကသာ တရုတ်ကို သဘောထားကြီးစွာ ရှုမြင်ကြောင်း ဝါရှင်တန်အခြေစိုက် ဘက်မလိုက်သော တွေးခေါ်ပညာရှင်များအဖွဲ့ Pew Research Center မှ မေ ၁ တွင် ထုတ်ပြန်သည့် စစ်တမ်း တွင် ဖော်ပြထားသည်။

ထို့ပြင် တရုတ် သမ္မတ ရှီကျင့်ဖျင် ပေါ်တွင် လည်း အလားတူ အပျက်သဘောဆောင်သော အဆင့်သတ်မှတ်ချက် ရရှိခဲ့သည်။

မကြာသေးမီနှစ်များအတွင်း တရုတ်သည် ကမ္ဘာပေါ်တွင် သြဇာလွှမ်းမိုးမှု ပိုမိုအားကောင်းလာကြောင်း အမေရိကန် ၇၁ % က သဘောတူကြသော်လည်း တရုတ်ကွန်မြူနစ်ပါတီ အစိုးရသည် အခြားနိုင်ငံများ အပေါ် မည်သို့ ပြုမူဆက်ဆံမည်ကို စိုးရိမ်မှုများ ရှိကြပြီး ၆၁ % သော အမေရိကန်များသည် တရုတ် ၏ အိမ်နီးချင်းနိုင်ငံများနှင့် နယ်မြေအငြင်းပွားမှုကို စိုးရိမ်မှုများ ရှိကြောင်း စစ်တမ်း တွင် ဖော်ပြထားသည်။ ထို့ပြင် အမေရိကန် နှင့် ပတ်သက်သော တရုတ် ဆက်ဆံရေးပေါ်တွင် အများစု က အဆိုးမြင် အကဲဖြတ်မှုများရှိကြသည်။

အမေရိကန် ၅၀ % သည် တရုတ်ကို ပြိုင်ဘက် အဖြစ် သတ်မှတ်ကြပြီး ၄၂ %   က ရန်သူ အဖြစ် ယူဆကြသည်။ တရုတ် ၏ သြဇာအာဏာနှင့် လွှမ်းမိုးမှုကို ကန့်သတ်ခြင်းသည် အမေရိကန်အတွက် ထိပ်တန်းနိုင်ငံခြားရေး မူဝါဒဖြစ်သင့်ကြောင်း အမေရိကန် နိုင်ငံသား တဝက်ခန့်က ယူဆကြကြပြီး  အခြား ၄၂ % က ၎င်းကို ဦးစားပေးသင့်ကြောင်း ဖော်ပြသည်။ အမေရိကန်  သုံး ပုံ နှစ်ပုံ ခန့်က တရုတ်သည် အမေရိကန် စီးပွားရေးပေါ်တွင်  ဆိုးကျိုးပေးသော လွှမ်းမိုးမှု ရှိကြောင်း ယူဆကြသည်။ အမေရိကန် ခြောက်ရာခိုင်နှုန်း ကသာ တရုတ်ကို မိတ်ဆွေအဖြစ် သတ်မှတ်ကြသည်။

ယမန်နှစ် က အမေရိကန် ၃၈ % က တရုတ် ကို ပြိုင်ဘက် အဖြစ် သတ်မှတ်ခဲ့ပြီး ယခုနှစ် တွင် ပမာဏ အနည်းငယ် တိုးလာကြောင်း စစ်တမ်းအရ သိရသည်။  တရုတ်ကို ရန်သူအဖြစ် သတ်မှတ်မှု ပမာဏမှာ အများဆုံး ဖြစ်သည်။ ထို့ပြင် အမေရိကန်နိုင်ငံသားအများစုသည် အမေရိကန်စီးပွားရေးအပေါ် တရုတ်၏ သြဇာလွှမ်းမိုးမှုကို ကြီးမားသော အနုတ်လက္ခဏာအဖြစ် ဝေဖန်ပြစ်တင်ကြောင်း စစ်တမ်းအရ သိရသည်။

ယခုနှစ် ဧပြီလ ၁ မှ ၇ အတွင်း အမေရိကန် အရွယ်ရောက်ပြီးသူ ၃,၆၀၀ ပေါ်တွင် ပြုလုပ်ခဲ့သော Pew Research Centre ၏ စစ်တမ်းတွင် ရီပတ်ဘလီကန်များသည် ဒီမိုကရက်များထက် တရုတ်ကို ပိုမိုသတိထားကြောင်း  တွေ့ရှိရသည်။

တရုတ်ကို မကြိုက်နှစ်သက်သော အမြင် နှင့် ရန်သူအဖြစ် ရှုမြင်ရာတွင် ရီပတ်ဘလီကန်များနှင့် တသီးပုဂ္ဂလများသည် ဒီမိုကရက်များထက် နှစ်ဆ ရှိပြီး မကြာမီတွင် တရုတ်သည် ပိုမိုသြဇာကြီးမား၍ လွှမ်းမိုးလာနိုင်သည် ဟု မှတ်ယူကြောင်း စစ်တမ်းအရသိရသည်။

ရီပတ်ဘလစ်ကန်များသည် ပါတီအတွင်း ကျယ်ပြန့်သော အတွေးအခေါ် ကွဲပြားမှုများ ရှိကြပြီး ကွန်ဆာဗေးတစ် ရီပတ်ဘလစ်ကန်များက တိုင်းတာမှု အများအပြားတွင် သိသာထင်ရှားစွာ ရပ်တည်သည်။

တရုတ်အပေါ် အလွန်သဘောမကျသော အမြင်တွင် ကွန်ဆာဗေးတစ် ရီပတ်ဘလီကန် များသည် အလယ်အလတ် ရီပတ်ဘလီကန်များ နှင့် လစ်ဘရယ် ရီပတ်ဘလီကန်များ ထက် ၂၅ % ပိုများသည်။ အဆိုပါ အမြင်တွင် လစ်ဘရယ် ဒီမိုကရက်များနှင့် အလယ်အလတ် နှင့် ကွန်ဆာဗေးတစ် ဒီမိုကရက်များ အကြား ကွာခြားမှု မရှိပေ။

တရုတ်ကို အမေရိကန် ၏ ရန်သူအဖြစ် ရှုမြင်မှု စစ်တမ်း‌တွင် ကွန်ဆာဗေးတစ် ရီပတ်ဘလစ်ကန်များသည် အလယ်အလတ် ရီပတ်ဘလီကန်များ နှင့်  လစ်ဘရယ် ရီပတ်ဘလီကန်များထက် ၃၁ % ပိုများပြီး ဒီမိုကရက်များနှင့် သဘောထားကွဲပြားမှုမရှိကြောင်း အစီရင်ခံစာက ဆိုသည်။

မကြာသေးမီနှစ်များအတွင်း ကမ္ဘာပေါ်တွင် တရုတ်၏ သြဇာလွှမ်းမိုးမှု အားကောင်းလာမည်ဟု ကွန်ဆာဗေးတစ် ရီပတ်ဘလီကန်များ၏ ၈၃ ရာခိုင်နှုန်းက ဆိုသော်လည်း အလယ်အလတ် ရီပတ်ဘလီကန် နှင့် လစ်ဘရယ် ရီပတ်ဘလစ်ကန် ၆၈ % က ထပ်တူ ဆိုကြပြီး အလယ်အလတ် ဒီမိုကရက် နှင့် ကွန်ဆာဗေးတစ် ဒီမိုကရက်  ၆၇ %   နှင့် လစ်ဘရယ် ဒီမိုကရက် ၆၉ % ၏ အမြင်နှင့် တူကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

စစ်တမ်းအရ အသက်အရွယ်ကြီးသော အမေရိကန်များသည် ယေဘုယျအားဖြင့် တရုတ်ကို ပို၍ ဝေဖန်ကြပြီး တရုတ် သည် နိုင်ငံတကာသြဇာလွှမ်းမိုးမှုတွင် ပိုမိုကြီးထွားလာမည်ဟုလည်း ရှုမြင်ကြသည်။ အသက် ၃၀ နှစ်အောက် အရွယ်ရောက်ပြီးသူ ၂၇ % နှင့် နှိုင်းယှဉ်ပါက အသက် ၆၅ နှစ် နှင့်အထက် အရွယ်ရောက်ပြီးသူ ၆၁ % သည် တရုတ် အပေါ် မနှစ်သက်ကြောင်း စစ်တမ်းအရ သိရသည်။

လက်ရှိအမေရိကန်စီးပွားရေး ကို မကောင်းမြင်သူများသည် တရုတ်အပေါ် မနှစ်သက်သော သဘောထားရှိကြပြီး တရုတ်သည် အမေရိကန် စီးပွားရေးအပေါ် လွှမ်းမိုးမှုများ၍ မျှတမှု မရှိကြောင်း ဝေဖန်ကြပြီး အမေရိကန်စီးပွားရေးအပေါ် အပြုသဘောအမြင်ရှိသူများ ထက် ၎င်းတို့သည် တရုတ်ကို ရန်သူအဖြစ် မြင်နိုင်ခြေပိုများသည်။ စစ်တမ်းကောက်ယူမှုအရ တရုတ်သည် အမေရိကန်၏ စီးပွားရေးအခြေအနေများအပေါ် အပျက်သဘောဆောင်သည့် သြဇာလွှမ်းမိုးမှု ကြီးမားသည်ဟု အကြမ်းဖျင်းအားဖြင့် အမေရိကန် သုံးပုံ နှစ်ပုံခန့် က ယူဆကြသည်။

ပြီးခဲ့သည့်နှစ်က ချီကာဂိုအခြေစိုက် နိုင်ငံတကာရေးရာ တွေးခေါ်ပညာရှင်များအဖွဲ့ ချီကာဂိုကောင်စီက ကောက်ယူခဲ့သော အလားတူ စစ်တမ်းတခုတွင် အမေရိကန်များသည် လွန်ခဲ့သော ဆယ်စုနှစ်  သုံးခုကထက် ယခု တရုတ်၏ ခြိမ်းခြောက်မှုကို ပိုမိုခံစားရကြောင်း တွေ့ရှိခဲ့သည်။

အမေရိကန်နိုင်ငံသား ၅၈ % သည် တရုတ်၏ ဖွံ့ဖြိုးတိုးတက်မှုကို ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ် ရှုမြင်ကြပြီး စစ်အေးခေတ် အပြီးတွင် အမေရိကန်၏ အရေးပါသော အကျိုးစီးပွားအတွက် ခြိမ်းခြောက်မှုအဖြစ် တရုတ်ကွန်မြူနစ်ပါတီ အုပ်ချုပ်သော အာရှနိုင်ငံကြီး ပေါ်ပေါက်လာမည်ကို စိုးရိမ်ပူပန်နေကြောင်း စစ်တမ်းအရသိရသည်။

ယမန်နှစ် စက်တင်ဘာတွင် ပြုလုပ်ခဲ့သော စစ်တမ်းတွင် အမေရိကန်နိုင်ငံသား ၄၆  %  က အမေရိကန် ခေါင်းဆောင်များသည် တရုတ်နှင့် အမေရိကန် ပြိုင်ဆိုင်မှု ပြဿနာကို လုံလောက်စွာ ဂရုမစိုက် ဟု ရှုမြင်ကြောင်း တွေ့ရှိခဲ့သည်။