တရားမဝင် မြေသိမ်းခံရမှုအပေါ် ဆန္ဒပြမှုအတွက် တိဗက်လူမျိုး ၄ ဦးကို တရုတ် ဖမ်းဆီး

Tibetan Review

တိဗက်ဒေသ၊ ချမ်ဒိုမြို့၊ မာ့ခ်ဟမ်ကောင်တီတွင် ဒေသခံများ၏ မြေကို ကောင်တီအရာရှိတဦးက တရားမဝင် သိမ်းယူပြီး စီးပွားရေးလုပ်ငန်းရှင်များထံ ရောင်းချမှုအပေါ် ဆန့်ကျင်ဆန္ဒပြမှုတွင် ပါဝင်မှုအတွက် တိဗက်လူမျိုး လေးဦးကို ထိုကောင်တီရှိ တရုတ်အာဏာပိုင်တို့က ဧပြီ ၁၀ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ပါဝင်သည့် ကောင်တီအရာရှိကို အကျင့်ပျက်ခြစားမှုအတွက် ဖမ်းဆီးထားသည်ဟု သိရသော်လည်း အာဏာပိုင်များထံ အသနားခံခဲ့ကြသည့် ထိခိုက်နစ်နာသူ တိဗက်မိသားစုများထံ မြေ သို့မဟုတ် နစ်နာကြေး တစုံတရာ ပြန်လည် ပေးအပ်ခြင်း မရှိကြောင်းနှင့် ယင်းအတွက်ကြောင့် တိဗက်လူမျိုးများက ဆန္ဒပြခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ တိဗက်သတင်းရင်းမြစ် သုံးဦးနှင့် ဖြစ်စဉ် ဗီဒီယိုတခုကို ကိုးကား၍ RFA တိဗက်ဌာနက ဧပြီ ၁၅ ရက်တွင် ဖော်ပြသည်။

မာ့ခ်ဟမ်ကောင်တီ၊ လော်နီရှန်း မြို့ငယ် တက်ခ်ဆာ ကျေးရွာရှိ ဒေသခံများသည် မြေသိမ်းခံရမှုအတွက် ၎င်းတို့၏ အသနားခံမှုနှင့် နစ်နာကြေးတောင်းခံမှုတို့အပေါ် သက်ဆိုင်ရာက အလေးမထားဘဲ ဆက်ရှိနေပြီးနောက် ဆန္ဒပြမှုနှင့် နောက်ဆက်တွဲ ဖမ်းဆီးခံရမှုတို့ ဖြစ်ပေါ်ခြင်း ဖြစ်သည်။ ဆန္ဒပြမှုနှင့် ဖမ်းဆီးမှုတို့ ဖြစ်ရာနေရာတွင် အခြားသော တိဗက်လူမျိုးအများအပြားလည်း ရိုက်နှက်ခံခဲ့ကြရကြောင်း သတင်းတွင် ဖော်ပြသည်။ ဖြစ်စဉ်နှင့်ပတ်သက်သည့် ဗီဒီယိုတခုတွင်လည်း တိဗက်လူမျိုး တဒါဇင်ခန့်က တရုတ်ရဲများထံ အသနားခံခဲ့ကြပြီး ၎င်းတို့အပေါ် ညှာတာထောက်ထားပေးရေး တောင်းခံသည့် အမူအရာအဖြစ် ၎င်းတို့၏ လက်မများကို အတူတကွ မြှောက်ထားသည်ကို တွေ့ရသည်။

ထို့ပြင် လူငယ်၊ သက်ကြီးများ ပါဝင်သည့် တိဗက်လူမျိုးများက အနက်ရောင်ယူနီဖောင်းဝတ် တရုတ်ရဲများ၏ ရှေ့ ဒူးထောက်ထားသည်ကို ဗီဒီယိုတွင် တွေ့ရကြောင်း သတင်းတွင် ဖော်ပြသည်။ ဆန္ဒပြသူ တိဗက်တချို့က အော်ဟစ်ငိုကြွေးနေခဲ့ကြပြီး တချို့လည်း ၎င်းတို့၏ အသနားခံမှုကို နားထောင်ပြီး ကူညီပေးရေး တရုတ်ရဲများ၏ ယူနီဖောင်းများကို လိုက်ဆွဲကာ မေတ္တာရပ်ခံခဲ့ကြသည်ဟု သိရသည်။

အဆိုပါ ကိစ္စတွင် ကောင်တီအရာရှိ ဆိုသူသည် ဒေသခံ တိဗက်မိသားစု ၂၅ စု၏ မြေများကို ၎င်းတို့ကို အသိမပေးဘဲ ၂၀၂၃ ခုနှစ်က တရားမဝင် ရောင်းချခဲ့ခြင်း ဖြစ်သည်။ ယင်းနောက် ထိုမြေများကို ဝယ်ယူခဲ့သည် ဆိုသည့် စီးပွားရေးလုပ်ငန်းရှင်များက တိရစ္ဆာန်မွေးမြူထိန်းကျောင်းသည့်အလုပ်လုပ်ကိုင်သည့် တိဗက်မိသားစုများကို ယခုလအစောပိုင်းတွင် နေရာမှ ဖယ်ပေးရေး လူလွှတ် ခိုင်းစေသည့်အချိန်ကျမှ ထိခိုက်ခံ တိဗက်မိသားစုများက ဖြစ်ပျက်ခဲ့သည့် အခြေအနေကို သိရခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

ထိခိုက်ခံ တိဗက်လူမျိုးများက အာဏာပိုင်များထံ အသနားခံခဲ့ပြီး အနည်းဆုံးအနေဖြင့် ၎င်းတို့၏ ဆုံးရှုံးလိုက်ရသည့် စားကျက်မြေအတွက် လျော်ကြေးရသင့်သည် ဆိုပြီး တောင်းဆိုခဲ့သော်လည်း အချည်းနှီး ဖြစ်ခဲ့သည်။

ယခုအခါ ဆန္ဒပြမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသည့် တိဗက်လူမျိုးများကို မည်သည့်စွဲချက်ဖြင့် တရားစွဲထားသလဲ ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။

အရေးကိစ္စတစုံတရာအတွက် မည်သည့် တိဗက် ဆန္ဒပြမှုကိုမဆို “ခွဲထွက်ရေး လှုပ်ရှားမှုများ” လုပ်ဆောင်မည့် အကြောင်းပြချက်တခုအဖြစ် တရုတ်က တံဆိပ်ကပ်လေ့ ရှိသည်။ ဖြစ်နိုင်ခြေများသည့် စွဲချက်က “ရန်ဖြစ် စကားများခြင်းနှင့် ပြဿနာဖြစ်အောင် လှုံ့ဆော်မှု” ဆိုသည့် စွဲချက်တခု ဖြစ်နိုင်ပြီး ယင်းသည် တရုတ်ပြည်မကြီးတွင် ဒီမိုကရေစီနှင့် အခြားသော ဆန္ဒပြမှုများတွင် ပါဝင်သူများကို ပုံမှန်အားဖြင့် စွဲဆိုတတ်သည့် စွဲချက်အဖြစ် သိရှိကြသည်။