ရွှေကူ စခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီဘက်မှ ၆ ဦးသေ၊ လက်နက်ခဲယမ်းအများအပြားရရှိဟု PDFပြော

ရွှေကူ စခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီဘက်မှ ၆ ဦးသေ၊ လက်နက်ခဲယမ်းအများအပြားရရှိဟု PDFပြော

ပုံအညွှန်း – ရွှေကူမြို့နယ်ရှိ စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲ၌ သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများ။

( ပုံ – People Defence Force-ShweGu)

(မဇ္စျိမ) ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတခုကို KIA၊PDF ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့က တိုက်ခိုက်သိမ်းပိုက်စဉ် စစ်သားခြောက်ဦးသေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်သည်။

ရွှေကူ-ဗန်းမော် ကားလမ်းမဘေး၊ ငါးဘတ်ကြီးကျေးရွာရှိ စစ်ကောင်စီဆက်သွယ်ရေးတပ်စခန်းကို ကချင်အမျိုးသားလွတ်လပ်ရေးတပ်မတော်(KIA) နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDF) ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့ အောက်တိုဘာလ ၁၈ ရက်၊ နံနက်ကတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆုတ်ခွာထွက်ပြေးသွားသည့်အတွက် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က စခန်းကို သုံးနာရီကျော်ကြာ သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းအတွင်းရှိ အဆောက်အဦများကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း ရွှေကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။ မီးရှို့ဖျက်ဆီးပြီးနောက် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာခဲ့ကြောင်းသိရသည်။
“ စခန်းကုန်းကို သိမ်းလိုက်နိုင်တယ်။ လက်နက်ခဲယမ်းတွေလည်း အများကြီး သိမ်းလိုက်နိုင်တယ်” ဟု မြေပြင်ရှိကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ခြောက်ဦးထက်မနည်း သေဆုံးပြီး ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီ၏ ထိုစခန်း၌ ခမရ (၆၀၂) နှင့် ခလရ (၅၆) မှ တပ်ဖွဲ့ဝင်များ တပ်စွဲထားပြီး အင်အား၂၅ ဦးဝန်းကျင် စခန်းချနေထိုင်စဥ် တိုက်ခိုက်ခဲ့ခြင်းဟုကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။ စခန်းသိမ်းခံရပြီးနောက် စစ်ကောင်စီတပ်က ရွှေကူမြို့နယ်၊ ရွှေမြင်တင်ဘုရားဝင်းအတွင်းမှနေ၍ တာဝါတိုင်စခန်းကုန်းဘက်သို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ပစ်ခတ်နေသည်စစ်ကောင်စီတပ်ဖွဲ့ကို Myo Hla PDF တပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲတွင် သိမ်းဆည်းရရှိခဲ့သည့် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများ၏ ဓာတ်ပုံများကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတဆင့် ထုတ်ပြန်ထားသည်။
ထိုစခန်းကုန်းတွင် ယနေ့ အောက်တိုဘာလ ၁၉ ရက်နေ့၌ စစ်ကောင်စီတပ်အင်အား ၅၀ ခန့်ဖြင့် ထပ်မံတပ်စွဲထားကြောင်းလည်း သိရသည်။

“ တိုက်ခိုက်ခံရတဲ့ စခန်းကုန်းမှာတော့ အင်အား ၅၀ လောက် ပြန်ရောက်နေတယ်။ အခုအထိတော့ ပစ်ခတ်သံတွေ မကြားရသေးဘူး။ ငြိမ်နေတယ်” ဟု ယနေ့ အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်ပိုင်း အခြေအနေနှင့် ပတ်သက်ပြီး ကာကွယ်ရေးရဲဘော်တဦးက ပြောသည်။

စစ်ကောင်စီတပ်နှင့် KIA ၊PDF ပူးပေါင်းတပ်ဖွဲ့များသည် ယခုရက်ပိုင်းအတွင်း ကချင်ပြည်နယ် ရွှေကူ၊ ဖားကန့်၊ဝိုင်းမော်၊ ဗန်းမော်၊ မိုးမောက်မြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ရေးတင်းမာ‌ နေသည်။


စာတည်း – အေးချမ်း