နေပြည်တော် အစည်းအဝေး ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ရန်ပျက်ကွက်

001

မဇ္စျိမ။ ။ စစ်ကောင်စီ၏ ပြည်ထောင်စုအဆင့်အစည်းအဝေးကို ဒုတိယဥက္ကဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတက်ရောက်ခြင်းမရှိရာ ရက်ပေါင်းများစွာလူမြင်ကွင်းက ပျောက်ကွယ်နေသည့် အကြောင်းရင်း ပဟေဠိများ ဆက်လက်ဖြစ်စေသည်။

နေပြည်တော်တွင် ယနေ့ (ဧပြီ ၂၂ ရက်နေ့) နံနက်ပိုင်းက ပြုလုပ်သော အစိုးရအဖွဲ့အစည်းအဝေးသို့ အသက် ၆၄ နှစ်အရွယ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်နိုင်ခြင်းမရှိရာ ရက်ပေါင်း ၁၉ ရက်ကြာ အများပြည်သူမြင်ကွင်းက ပျောက်ကွယ်နေမှုဖြစ်သည်။

သူ့ကိုနောက်ဆုံးတွေ့မြင်ခဲ့ရသည်ကတော့ ဧပြီလ ၃ ရက်နေ့က ဗိုလ်သင်တန်းကျောင်း(ဗထူး) စစ်ရေးပြကွင်းတွင် ပြုလုပ်သည့် အခမ်းအနားတခုတွင်ဖြစ်သည်။

ဧပြီလ ဒုတိယပတ်က ဒုချုပ်မှူးကြီး မော်လမြိုင်ရောက်ရှိနေစဉ် အသေခံဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရရှိကာ ဆေးကုသရကြောင်း သတင်းများထွက်ပေါ်နေသော်လည်း စစ်ကောင်စီဘက်ကမူ ငြင်းဆန်ခဲ့သည်။

မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) ကိုရောက်ရှိစဉ် ကာမီကာဇေဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့၏ Alpha Bats တပ်ခွဲက ထုတ်ပြန်ခဲ့သည်။
စစ်ဌာနချုပ်ဝင်းအတွင်းရှိ အားကစားခန်းမနှင့်ရဟတ်ယာဉ်များကို ဗုံးကျဲတိုက်ခိုက်မှုက စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်ထိခိုက်ခဲ့သည်ဟု Alpha Bats က ပြောသည်။ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက်ရယူနိုင်ခြင်းမရှိပါ။

ထိုတိုက်ခိုက်မှုနောက်ပိုင်း ဒုဗိုလ်ချုပ်မှုးကြီးစိုးဝင်းအား မည်သည့် ခရီးစဉ်၊ အစည်းအဝေးများတွင်မျှ မတွေ့ရဘဲ နေပြည်တော်တွင် နှစ်စဉ် တက်ရောက်နေကျ သင်္ကြန်အခမ်းအနားများတွင်လည်း ပျက်ကွက်ခဲ့သည်။