တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ ရှမ်းမြောက်၏မြို့တော် လားရှိုးတွင် ဗုံးပေါက်

007

(မဇ္စျိမ)။ ။ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) အခြေစိုက်ရာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်တွင် ယနေ့ (ဇန်နဝါရီလ ၃၀ ရက်) မွန်းလွဲ ၂ နာရီခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း မြို့ခံများက မဇ္ဈိမကို အတည်ပြုသည်။

“ပေါက်ကွဲသံနှစ်ချက်ဆက်တိုက် ဆင့်ပြီးကြားလိုက်တယ်၊ ဆိုင်ကယ်နှစ်စီးကနေ ပေါက်ကွဲတာ၊ ဆိုင်ကယ်ဗုံးလို့ပဲ ပြောနေကြတယ်” ဟု မြို့ခံက ပြောသည်။

လားရှိုးမြို့ ရပ်ကွက် (၃) ရှိ စက်ဘီးပစ္စည်းနှင့် အထွေထွေရောင်းဝယ်ရေး(ကုန်မာဆိုင်) ဆိုင်တဆိုင် ရှေ့ ရပ်ထားသော ဆိုင်ကယ်နှစ်စီးမှ ပေါက်ကွဲခြင်းဖြစ်ကြောင်း မြို့ခံများက ဆိုသည်။

ကနဦး သတင်းများအရ အဆိုပါ ပေါက်ကွဲမှုကြောင့် လူထိခိုက်သေဆုံးမှုမရှိပေ။ ဆိုင်ကယ်နှစ်စီးပျက်စီးလုံး ပျက်စီးသွားကြောင်း သိရသည်။

လားရှိုးမြို့တွင် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့ကလည်း မြို့မစျေးအတွင်းရှိ ဇွဲထက်ရွှေဆိုင်ရှေ့တွင် ဗုံးပေါက်ကွဲ မှုဖြစ်ပွားခဲ့ဖူးသည်။ ထိုစဉ်က ဆိုင်ဝန်ထမ်း ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ရှမ်းပြည်မြောက်ပိုင်း၏ မြို့တော် လားရှိုးမြို့တွင် စစ်ကောင်စီတပ်၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နှင့် ဒုတိယပြည်နယ် ရဲတပ်ဖွဲ့ရုံးရှိရာမြို့လည်း ဖြစ်သည်။

တပ်စခန်းပေါင်းများစွာနှင့် မြို့များကို တခုပြီးတခု အချိန်တိုအတွင်း လက်လွှတ်ခဲ့ရသော ၁၀၂၇ စစ်ဆင်ရေးကြောင့် လက်ရှိမှာ လားရှိုးမြို့ပေါ်တွင် စစ်ကောင်စီက လုံခြုံရေး တိုးမြှင့်ထားသည်။

ရှမ်းမြောက်က မြို့ ၁၇ မြို့ အပါအဝင် စုစုပေါင်း ၃၆ မြို့ကို မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က သိမ်းပိုက်ထိန်းချုပ်ထားသည်။

ပုံညွှန်း- ပေါက်ကွဲမှုဖြစ်စဉ်အပြီး မြင်ကွင်း (ဓာတ်ပုံ-ပေးပို့)

စာတည်း။ ။ နောင်နောင်