အိန္ဒိယနိုင်ငံ လာဒက်ဒေသတွင် လျှပ်စစ်ဓာတ်အား ၁၃ ဂစ်ဂါဝပ် ထုတ်လုပ်မည့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်စီမံကိန်းကို အကောင်အထည်ဖော်သွားမည်

အိန္ဒိယနိုင်ငံ လာဒက်ဒေသတွင် လျှပ်စစ်ဓာတ်အား ၁၃ ဂစ်ဂါဝပ် ထုတ်လုပ်မည့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်စီမံကိန်းကို အကောင်အထည်ဖော်သွားမည်

ဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိသော အိန္ဒိယပြည်ထောင်စုအစိုးရအဖွဲ့သည် လာဒက်ဒေသတွင် လျှပ်စစ်ဓာတ်အား ၁၃ ဂစ်ဂါဝပ် ထုတ်လုပ်နိုင်မည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်း အတွက် အစိမ်းရောင်လျှပ်စစ်ဓာတ်အားလိုင်း (GEC) စီမံကိန်းပါ ပြည်နယ်ချင်းဆက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးစနစ်(ISTS) စီမံကိန်း အဆင့်(၂) ကို အကောင်အထည်ဖော်သွားရန် အောက်တိုဘာ ၁၈ ရက်တွင် အတည်ပြုလိုက်သည်။

စီမံကိန်းအတွက် ခန့်မှန်းကုန်ကျစရိတ်မှာ ရူပီး ၂၀၇၇၃ ဒသမ ၇ ကုဋေဖြစ်ပြီး အဆိုပါကုန်ကျစရိတ်၏ ၄၀ ရာခိုင်းနှုန်းဖြစ်သော ရူပီး ၈၃၀၉ ဒသမ ၄၈ ကုဋေကို ဗဟိုအစိုးက ဘဏ္ဍာရေးအကူအညီအဖြစ် ပေးအပ်၍ ၂၀၂၉-၃၀ ဘဏ္ဍာရေးနှစ်တွင် အဆိုပါ စီမံကိန်းကို အကောင်အထည်ဖော်ရန် ရည်မှန်းထားသည်။

ရှုပ်ထွေးသော မြေမျက်နှာသွင်ပြင်၊ ဆိုးရွားသော ရာသီဥတုအခြေအနေများနှင့် လာဒက်ဒေသ၏ လုံခြုံရေးအခြေအနေများကြောင့် ယင်းစီမံကိန်းကို Power Grid Corporation of India Limited (POWERGRID) က အကောင်အထည်ဖော်သွားမည် ဖြစ်သည်။

ဤစီမံကိန်းမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားများကို ပို့လွှတ်မည့် ဓာတ်အားလိုင်းအား ဟိမာချယ်ပြည်နယ်နှင့် ပန်ဂျပ်ပြည်နယ်တို့ကိုဖြတ်၍ ဟာယာနာပြည်နယ်ရှိ ကိုင်သယ်မြို့အထိ သွယ်တန်းကာ နိုင်ငံတော်ဓာတ်အားလိုင်း နှင့် ပေါင်းစည်းချိတ်ဆက်သွားမည်ဖြစ်သည်။

လာဒက်ဒေသသို့ အာမခံချက်ရှိရှိ လျှပ်စစ်ဓာတ်အား ပေးဝေနိုင်ရန် လက်ရှိ လာဒက်ဓာတ်အားလိုင်းနှင့် လားမြို့ရှိ ယင်းစီမံကိန်းတို့ကို အပြန်အလှန် ချိတ်ဆက်သွားရန်လည်း စီစဉ်ထားသည်။

“ဂျမူးနဲ့ ကက်ရှ်မီးယားကို လျှပ်စစ်ဓာတ်အားပေးနိုင်ဖို့ လား-အလူစတန်-ရှရီနာဂါ ဓာတ်အားလိုင်းနဲ့ ချိတ်ဆက်သွားမှာဖြစ်ပါတယ်”ဟု အစိုးရက ထုတ်ပြန်ခဲ့သည်။

အဆိုပါ စီမံကိန်းသည် ၂၀၃၀ ပြည့်နှစ်တွင် ရုပ်ကြွင်းလောင်စာများမှမဟုတ်ဘဲ လျှပ်စစ်ဓာတ်အားပမာဏ ၅၀၀ ဂစ်ဂါဝပ် ထုတ်လုပ်ရန် လျာထားချက်အား ပြည့်မီစေရန် အထောက်အကူပြုမည် ဖြစ်သည်။

လာဒက်ဒေသတွင် လျှုပ်စစ်ဓာတ်အား ၇ ဒသမ ၅ ဂစ်ဂါဝပ် ထုတ်လုပ်နိုင်မည့် ဆိုလာဓာတ်အားထုတ်လုပ်ရေး စက်ရုံတစ်ခု တည်ဆောက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်မိုဒီက ၂၀၂၀ ပြည့်နှစ်၊ လွတ်လပ်ရေးနေ့မိန့်ခွန်းတွင် ကြေညာခဲ့သည်။

လေ့လာဆန်းစစ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ပြီးနောက် စွမ်းအင်သစ်နှင့်ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဝန်ကြီးဌာနက လာဒက်ရှိ ပန်ဒေသတွင် ၁၂ ဂစ်ဂါဝပ်နာရီ ဘက်ထရီ စွမ်းအင်သိုလှောင်မှုစနစ်နှင့် ပြန်လည်ပြည့်ဖြိုးမြဲလျှပ်စစ်ဓာတ်အား ၁၂ ဂစ်ဂါဝပ် ထုတ်လုပ်နိုင်မည့် စက်ရုံတစ်ခု တည်ဆောက်မည့် စီမံကိန်းကို ချမှတ်ခဲ့သည်။

စွမ်းအင်လိုအပ်ချက် မြင့်မားလာခြင်းနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှတစ်ဆင့် အဆိုပါလိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းကို ဖြည့်ဆည်းလိုသည့် ရည်မှန်းချက်ကို ပြည့်မီစေရန် ဘက်ထရီစွမ်းအင်သိုလှောင်မှုစနစ်များကို အကောင်အထည်ဖော်မည့် ကုမ္ပဏီများအား လိုအပ်သည့်ရန်ပုံငွေ ပံ့ပိုးကူညီရန် ဗဟိုအစိုးရက စက်တင်ဘာလ အစောပိုင်းတွင် ဆုံးဖြတ်ခဲ့သည်။

အိန္ဒိယသည် ၂၀၃၀ ပြည့်နှစ်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်များမှတစ်ဆင့် နိုင်ငံအတွက် စွမ်းအင်လိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနိုင်ရန် ရည်မှန်းထားသည်။